ရေး၊ ဒီဇင်ဘာ (၂၁)
တစ်ကျော့ပြန် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မွန်ပြည်နယ်အတွင်းက ဒေသပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေ အလျိူလျိူပေါ်ပေါက်လာတဲ့အထဲမှာ မွန်လူမျိုးတွေအများစုအပြင် မွန်သွေးမကင်းတဲ့ သူတွေနဲ့ဖွဲ့စည်းထားတဲ့ မွန်လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ပါဝင်လာပါတယ်။
မွန်လူမျိုးစု လက်နက်ကိုင်တပ်ဖွဲ့တွေမှာ မွန်ပြည်နယ်အတွင်းက တိုင်းရင်းသားလူမျိုးစုတွေပါဝင်တဲ့ မွန်ပြည်ကာကွယ်ရေးတပ်(MSDF) ကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖွဲ့စည်းခဲ့သလို မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MRSO) ကိုလည်း နိုဝင်ဘာလမှာ ဖွဲ့စည်းခဲ့ပါတယ်။
အခုနှစ်မှာတော့ မွန်လူမျိုးစုလက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ကို စက်တင်ဘာ ၂၃ ရက်နေ့မှာ ထပ်မံဖွဲ့စည်းခဲ့တာပါ။
ဒီလက်နက်ကိုင်တပ်ဖွဲ့တွေဟာ အခြားသော မွန်ဒေသအသီးသီးမှာရှိတဲ့ ဒေသကာကွယ်ရေးတပ် PDF တွေလိုမျိုး ဘုံရန်သူ အာဏာသိမ်းစစ်တပ်ကိုချေမှုန်းမယ့် စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးနဲ့ ပြည်သူ့အာဏာပြည်သူတွေလက်ထဲ ပြန်လည်ရောက်ရှိဖို့ ရည်ရွယ်ချက်တွေ တူညီကြတာ တွေ့ရပါတယ်။
တစ်ဖက်မှာတော့ မွန်လူမျိုးစု တိုင်းရင်းသားတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည်တည်ထောင်နိုင်ဖို့နဲ့ စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ မွန်လူမျိုးစုနဲ့ မွန်ပြည် နယ်ကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ အခရာကျတဲ့ ရည်မှန်းချက်ဖြစ်နေတာပါ။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးကတော့ ပြည်သူတွေ လိုချင်တဲ့ စစ်မှန်ပြီးငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ NLD တစ်ခုတည်းနဲ့ သွားလို့မရသလို မွန်ပြည်တည်ထောင်ဖို့ ဆက်လက်တိုက်ပွဲဝင်သွားရမှာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ပြည်သူတွေ လိုချင်တဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းသော ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ရာမှာ NLD တစ်ခုတည်းနဲ့ သွားလို့မရပါဘူး။ အဲဒီတော့ စစ်အာဏာရှင်ပြုတ်ကျသွားလို့ရှိရင် ကျွန်တော်တို့ မွန်ပြည်သူပြည်သားတွေ နှစ်ပေါင်းများစွာ စောင့်မျှော်နေတဲ့ လိုလားတောင့်တနေတဲ့ ရှင်းရှင်းပြောရရင် လွတ်လပ်ရေးလို့ ပြောလို့ရပါတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည်တစ်ခုတည်ထောင်နိုင်ဖို့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်ဖို့ ကျွန်တော်တို့ ဆက်လက်တိုက်ပွဲဝင်သွားရမှာပဲ ဖြစ်ပါတယ်”လို့ သူက ဆိုပါတယ်။
မွန်ပြည်ကာကွယ်ရေးတပ်ဟာ မွန်ပြည်နယ်ရဲ့ ပထဝီအနေအထားအရ ကွဲပြားခြားနားမှုတွေရှိနေတဲ့အတွက် စည်းရုံးရေး၊ တပ်တည်ဆောက်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေကို မြောက်ပိုင်းဒေသနဲ့ တောင်ပိုင်းဒေသဆိုပြီး ဖွဲ့စည်းထားတာပါ။
မွန်ပြည်ကာကွယ်ရေးတပ် (MSDF) မြောက်ပိုင်းဒေသဦးစီးကော်မတီဟာ ရဲဘော်တွေကို အခြေခံစစ်ပညာသင်တန်းပေးတာတွေ လုပ်ဆောင်နေပြီး MSDF တောင်ပိုင်းကတော့ အခြေခံစစ်ပညာသင်တန်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အမြစ်ဖြတ်ဖို့ လက်နက်ကိုင်တိုက်ပွဲတွေ ဆင်နွှဲနေပါတယ်။
မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း (MRSO) ကတော့ စတင်တည်ထောင်ချိန်ကနေစပြီး ဒီကနေ့အထိ စစ်ကောင်စီဒေါက်တိုင်တွေဖြစ်တဲ့ ရဲစခန်း၊ စစ်တပ်ယာဉ်တန်းတွေနဲ့ လုံခြုံရေးရဲကင်းတွေကို အဓိကပစ်မှတ်ထား တိုက်ခိုက်နေတာပါ။
မွန်ပြည်လွတ်မြောက်ရေးတပ်တော်(M.L.A) ကတော့ လက်ရှိမှာ အပတ်စဉ် (၁) အတွက် ရဲဘော်တွေကို အခြေခံစစ်ပညာသင်တန်းပေးနေသလို နောက်အပတ်စဉ်တွေအတွက်လည်း တပ်သားသစ်တွေကို ထပ်မံခေါ်ယူနေပါတယ်။
မွန်ပြည်နယ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင် ဒေသကာကွယ်ရေးတပ်ဖွဲ့ ၄၀ ထက်မနည်း ပေါ်ပေါက်နေပြီး အထူးသဖြင့် ရေးမြို့နယ်မှာဆိုရင် မွန်လူမျိုးစု တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့တွေ တည်ရှိနေကြတာပါ။
တစ်ဖက်မှာတော့ မွန်လူမျိုးကိုယ်စားပြု၊ မွန်တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုးစားမှုကို အပြည့်အဝရရှိထားတဲ့ တစ်ခုတည်းသော လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ (NMSP) ဟာ စစ်တပ်အာဏာသိမ်းချိန်ကနေ ဒီကနေ့အထိ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့တာပါ။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဖိတ်ခေါ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို အခြားသော အပစ်ရပ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနည်းတူ အခုနှစ်အတွင်း နှစ်ကြိမ်တိတိ တက်ရောက်ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
နိုင်နဂါးကတော့ ဒီတော်လှန်ရေးမှာ မွန်လူမျိုးစုတစ်ရပ်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တယ်ဆိုတဲ့ သက်သေ အထောက်အထားအပြင် ပြည်သူတွေ ဝိုင်းဝန်းကူညီလာနိုင်ဖို့ နည်းပေါင်းစုံ စနစ်တကျစီမံပြီး အင်အားကြီးထွား အောင် လှုပ်ရှားသွားမယ်လို့ ဆိုပါတယ်။
“ဒီတော်လှန်ရေးကြီးမှာ ကျွန်တော်တို့ မွန်လူမျိုးစုတစ်ရပ်အနေနဲ့ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ခဲ့တယ်ဆိုတဲ့ သက်သေသာဓက အထောက်အထားအပြင် အခြားသောရည်မှန်းချက်တွေနဲ့ တည်ထောင်လာတာ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေ ဝိုင်းဝန်းကူညီပါလာနိုင်ဖို့ အလုပ်နဲ့ သက်သေပြရမယ်။ တော်လှန်တဲ့ သက်သေပြရမယ်၊ တိုက်ပွဲတွေ ဝင်ပြရမယ်၊ အနစ်နာခံ၊ စွန့်စားခံပြရမယ်။ နောက်ဆုံးစည်းရုံးရေးလည်း တစ်ချိန်တည်းမှာ ဆင်းရမှာပေါ့။ နည်းပေါင်းစုံနဲ့ ကျွန်တော်တို့ သေချာစနစ်တကျစီမံပြီးတော့ အင်အားကြီးထွားအောင် လှုပ်ရှားသွားမှာဖြစ်ပါတယ်” လို့ သူက ပြောပါတယ်။
ဒါ့အပြင် နောင်တစ်ချိန်မှာ မွန်လူမျိုးကိုယ်စားပြု၊ မွန်ပြည်နယ်အကျိုး၊ မွန်လူထုတွေရဲ့အကျိုးကို ရှေးရှုတဲ့ ရက္ခိုင့်တပ်တော် (AA) လိုမျိုး လူထုတွေရဲ့ အပြည့်အဝထောက်ခံယုံကြည်ပေးမှုနဲ့ အင်အားထောင့်တင်းတဲ့ မွန်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ဖို့ မွန်လူထုအပေါ် လုံးဝသက်ဆိုင်တယ်လို့ နိုင်နဂါးက ထောက်ပြပါတယ်။
တိုင်းရင်းသားအရေး လေ့သာသုံးသပ်သူ ဒေါက်တာပညာမွန်ကတော့ မွန်လူမျိုးစုတစ်ခုလုံးကို ကိုယ်စားပြုနိုင်မယ့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ဖို့ ခေါင်းဆောင်ပိုင်း၊ အုပ်ချုပ်မှုပိုင်း၊ စစ်ရေး၊ ဘဏ္ဍာရေးအပြင် ဆက်ဆံရေး၊ စည်းရုံးရေးတွေရှိမှသာ ရေရှည်သွားနိုင်ပြီး တိုးတက်မှုရှိနိုင်တယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းက သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။
လက်ရှိမှာတော့ မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းက စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်ဖွဲ့ PDF တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ မကြာခဏဆိုသလို ပစ်ခတ်တိုက်ခိုက်တာတွေ ဆက် တိုက်လုပ်ဆောင်နေပါတယ်။
သတင်း -သံလွင်တိုင်းမ်