(ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG)စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။)

ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG) ဟာ ငြင်းဆို၍မရနိုင်တော့သောမြန်မာပြည်အရှေ့တောင်ပိုင်းရှိ ကျေးလက် ဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ စစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုနဲ့ ဆယ်စုနှစ်သုံး ခုအတွင်းဒေသခံပြည်သူတွေရဲ့ သက်သေခံချက်များ” ဆိုတဲ့ အစီရင်ခံစာကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ ဆယ်စုနှစ်သုံးခုတွေအတွင်း မြန်မာစစ်တပ်ဘက်က ဘယ်လိုရာဇဝတ်မှုတွေကို ဘယ်လိုပုံစံမျိုးတွေနဲ့ ကျူးလွန်ခဲ့လဲ၊ ရာဇဝတ်မှု တွေကျုးလွန်ထားပေမယ့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရနေတဲ့ အခြေအနေ၊ အစီရင်ခံစာထုတ်ပြန်ရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ် သက်ပြီး ကရင်လူ့ အခွင့်အရေးအဖွဲ့ (KHRG)စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ စောနန္ဒဆူးနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့ငြင်းဆို၍မရနိုင်တော့သော အစီရင်ခံစာထုတ်ပြန်တာနဲ့ အခြေအနေပတ်သက်ပြီး ရှင်းပြပေးပါဦး။

စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်မှာကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုကျူးလွန်တဲ့သူတွေကို ချိုးဖောက်တဲ့သူတွေကဆိုရင် ပြစ်ဒဏ်ကင်းလွတ်ခွင့်ကနေ ခံစားခွင့်ရှိတဲ့အကြောင်းအဓိကသုံးသပ်ထားတာပေါ့နော်။ ကျွန် တော်တို့ ကရင်ပြည်နယ်မှာဆိုရင် အဓိကကာလကြာရှည်စွာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့အတူ ကြီးလေး တဲ့ ရာဇဝတ်မှုတွေကိုကျူးလွန်တဲ့ အဓိကတရားခံက စစ်အာဏာရှင်စစ်အုပ်စုဖြစ်တယ်ပေါ့။ သူတို့တွေက ဒီလိုမျိုးကြီးလေးတဲ့ ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန် နေပေမယ့်လည်း သူတို့က ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိပြီးတော့မှ တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်တော့မှ မဖြစ်ဘူးပေါ့နော်။ အဲဒါကို ကျွန်တော်တို့ အစီရင်ခံစာရဲ့ တွေ့ရှိချက်အရ ကျွန်တော်တို့ကသုံးသပ်ထားတာ ရှိတယ်ပေါ့လေ။ ကျွန်တော်တို့ရဲ့တွေ့ရှိချက် အပေါ် မှာ အထူးသဖြင့်တရားမျှတမှု ရရှိဖို့ရယ်ပေါ့။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် တရားမျှတမှုရရှိဖို့ရယ်၊ နောက်တစ်ခါ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိဖို့အတွက် နိုင်ငံတကာအနေနဲ့ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးပြုလုပ်ဖို့ အတွက် အထူးသဖြင့် အိုင်စီဂျေလိုမျိုး နိုင်ငံတကာခုံရုံးမှာ အရေးယူကိုင်တွယ် ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ တောင်းဆိုထားတာပေါ့နော်။ တကယ်လို့ နိုင်ငံတကာအနေနဲ့ ဆက်ပြီးတော့မှ ဥပက္ခာပြုနေမယ် ဆိုရင် ထိ ရောက်တဲ့ အရေးယူဆောင်ရွက်မှုမျိုးမဖြစ်ဘူးဆိုရင် စစ်အာဏာရှင်တွေကို သူတို့ကအပြစ်ဒဏ်ကင်းလွတ်ခွင့် သက်ဆိုး ရှည်အောင် လုပ်တာနဲ့အတူတူပဲပေါ့။

-ဒီအစီရင်ခံစာမှာဆိုရင် လက်ရှိ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ သတ်ဖြတ်ခံရတဲ့အကြောင်းတွေလည်း ထည့်သွင်းထားတာတွေ့ ရပါတယ်။ လက်ရှိအမျိုးသမီးနဲ့ကလေးသူငယ်တွေ အခြေအနေကိုပြောပြပေးပါဦး။

အထူးသဖြင့် စစ်ဘေးစစ်ဒဏ်သင့်နေတာပေါ့လေ။ စစ်ဘေးရှောင်အမျိုးသမီးနဲ့ ကလေးတွေဆို တခြားအုပ်စုတွေထက် ပိုပြီးတော့မှ အခက်အခဲတွေ ကြုံတွေ့နေရတာပေါ့။ ဒီလိုမျိုးစစ်ဘေးရှောင်နေရာဒေသမှာဆိုရင် အမျိူးသမီးတွေအတွက် သူတို့အတွက် လိုအပ်တဲ့အမျိုးသမီးဆိုင်ရာ ကျန်းမာရေးကူညီထောက်ပံ့မှုတွေ လိုအပ်မှုရှိနေသလို ကျောင်းနေအရွယ်ကလေးတွေဆိုရင်လည်း ပညာရေးလက်လှမ်းမီ နိုင်ခွင့်မရှိတော့ဘူးပေါ့။ စစ် ဘေးရှောင်နေရတဲ့အချိန်မှာ အဲဒီလိုမျိုးတော့ ရှိနေပါတယ်ခင်ဗျ။

-လတ်တလော KNU နယ်မြေအတွင်း စစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေတွေ ဘယ်လို တွေဆက်ရှိနေလဲ။

အဓိကက တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေတယ်။ အပြန်အလှန်ပစ်ခတ်မှုတွေ ဆက်လက်ဖြစ်ပွားနေတယ်။ ဒီအပေါ်မှာ ထိခိုက်နစ်နာမှုတွေ အများကြီးရှိတယ်ပေါ့။ ပြည်သူပိုင်အိုးအိမ်စည်းစိမ်တွေ ထိခိုက်ပျက်စီး နေတယ်။ ပြည်သူတွေ ဆက်လက်ပြီးတော့ စစ်ဘေးရှောင်နေရတယ်။ အကြောက်တရားနဲ့ နေထိုင်နေရ တယ်။ လုံခြုံမှုလုံးဝ မရှိသေးဘူးပေါ့။ နောက်တစ်ခါကျတော့ လုယက်မှုတွေလည်း ပေါ်လာတယ်။ အချင်းချင်း ယုံကြည်မှုတွေလျော့နည်းလာတယ်။ အပြန်အလှန် စွပ်စွဲတာမျိုးတွေရှိတယ်ပေါ့။ အားလုံးခြုံပြောရရင်လူ့အခွင့် အရေးအခြေအနေနဲ့ လုံခြုံရေးအခြေအနေကတော့ လုံးဝကို အားနည်းနေတယ်ပေါ့။

-နောက်ဆုံးအနေနဲ့ အစီရင်ခံစာနဲ့ပတ်သက်ပြီး ဖြည့်စွက်ပြောလိုတာရှိ ပြောပေးပါဦး။

အဓိက ကျွန်တော်တို့ တောင်းဆိုတာက စစ်အာဏာရှင် အမြစ်ပြတ်ဖို့အတွက်နိုင်ငံတကာအနေနဲ့ သူတို့ရဲ့ တာဝန်ဝတ္တရားရှိ တဲ့အတိုင်း ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုဖြစ်ဖို့အတွက်ပဲ ပြောလိုပါတယ်။ အဲဒီလိုမှ မလုပ်ဘူးဆိုရင် ကြီးလေးတဲ့ ရာဇဝတ်မှုနဲ့လူသားမျိုးနွယ်ပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုဖြစ်တဲ့ စစ်အာဏာရှင် တရားခံအုပ်စုက သူတို့ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို အပြည့်အဝခံစားပြီးတော့မှ ဆက်လက်ပြီး ဒီဆိုးရွားတဲ့ ကြီးလေးတဲ့ချိုးဖောက်မှုတွေကိုထပ်ပြီး ကျူးလွန်နေဦးမှာပဲလေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.