နမ့်ဆန် – ဒီဇင်ဘာ (၁၈)
နမ့်ဆန်မြို့နယ် ကုန်းသာ ကျေးရွာတိုက်ပွဲမှဦ စစ်ကောင်စီဘက်က အများအပြားသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိထားတယ်လို့ PSLF/TNLA သတင်းပြန်ကြားရေးဌာနက ဒီနေ့ ဒီဇင်ဘာလ(၁၈) ရက်နေ့ ရက်စွဲနဲ့ သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲမှာ TNLA တပ်မဟာ(၂) လက်အောက်ခံ တပ်ရင်း(၄၃၄) ရဲ့ တပ်စခန်းတွေကို စစ်ကောင်စီရဲ့ စကခ(၂၁) က ရဟတ်ယာဉ်(၅)စီးနဲ့ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ကုန်းသာနဲ့ ဟူးမန်ရွာနားမှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ထုတ်ပြန်ထား ပါတယ်။
တိုက်ပွဲမှာ TNLA တပ်မဟာ(၂) တပ်ရင်း(၉၈၇) တပ်မဟာ(၃) တပ်ရင်း(၄၆၇) ၊ တပ်မဟာ(၄) တပ်ရင်း(၅၆၈) နဲ့ တအာင်းတပ်မတော် ဒေသန္တရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တပ်ရင်း (၄၃၄) ကို စစ်ကူပေးနိုင်ခဲ့ပြီး ကုန်းသာနဲ့ ဟူးမန်းကို ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို အပြင်း အထန်ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။
စစ်ကောင်စီနဲ့ TNLA တို့ရဲ့ တိုက်ပွဲတွေဟာ (၅) ရက်တာကြာမြင့်ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက်မှုတွေ အကြမ်ကြိမ်လုပ်ဆောင်ခဲ့သလို မန်တုံအမြောက်တပ်ရင်းနဲ့ နမ့်ဆန် အမြောက်တပ်ရင်းတို့ကလည်း လက်နက်ကြီးတွေနဲ့ ကျေးရွာကို ပစ်ခတ်တာတွေလုပ်ဆောင်ခဲ့တယ် လို့ သိရပါတယ်။
အရပ်သားတွေနေထိုင်တဲ့ ကျေးရွာထဲကို စစ်ကောင်စီက ရမ်းသမ်းပစ်ခတ်ခဲ့တဲ့အတွက် ပြည်သူ (၂) ဦးသေဆုံးကာ (၄)ဦးထပ်မနည်းထိခိုက်ဒဏ်ရာရရှိထားပြီး သာသနာရေးအဆောက်အုံတွေ၊ ပညာရေး အဆောက်အအုံတွေအပါအဝင် ပြည်သူပိုင်နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စက်သေနတ်(၁)လက်၊ စက်သေနတ်အကြီး(၁)လက်၊ စက်သေနတ် အသေး(၁)လက်၊ ၂၂- လက်ထောက်တွဲသေနတ်(၁)လက်၊ ဘက်ခေါက်(၂) လက်၊ RPG – 7/2 အသီး(၁၉)လုံး၊ M-9 အသီး(၇)လုံး၊ကျည်ဆံ(၁၂၀၀) ကျော်၊ ဆက်သွယ်ရေးစက်(၁)ခု၊ ဖုန်း(၂) လုံး နဲ့ တခြားစစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက အသိပေးထားပါတယ်။
စစ်ကောင်စီဝါဒဖြန့်မီဒီယာ MRTV မှာ ပြီးခဲ့တဲ့ဒီဇင်ဘာလ(၁၇) ရက်နေ့ကTNLA နဲ့ လက်နက်တွေ နဲ့ NUG-PDF ရဲ့လက်နက်ပစ္စည်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ပလောင်ဒေသက တဆင့် လက်နက်၊ခဲယမ်းနဲ့ ဖောက်ခွဲရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ စစ်ကိုင်းတိုင်းအတွင်းက PDF တွေဟာ နမ့်ဆန်မြို့နယ် ကုန်းသာရွာတဝိုက်မှာ ရောက်ရှိနေတယ်လို့ သတင်းရထားတဲ့အတွက် ဒီဇင်ဘာလ(၇) ရက်နေ့ထဲက ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခဲ့တာဖြစ်ပြီး TNLA ကို ဦးတည်တိုက်ခိုက်တာမဟုတ်ဘူးလို့ စစ်ကောင်စီက ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- TNLA