သရက်ချောင်း၊ ဒီဇင်ဘာ(၁၈)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် အခြေစိုက်ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ဝင် PDF ရဲဘော်တစ်ဦးဟာ မိုင်းမတော်တဆမှုကြောင့် ကျဆုံးသွားတယ်လို့ အဖွဲ့တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျဆုံးသွားတဲ့ အသက် ၁၉ နှစ်အရွယ် PDF ရဲဘော်လေးဖြူ (ခ)လိပ်စွန်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့က သရက်ချောင်းမြို့နယ်နေရာတစ်ခုမှာ လျိူ့ဝှက်မိုင်းစစ်ဆင်ရေးလုပ်နေချိန် မတော်တဆမှုဖြစ်ပြီး ကျဆုံးခဲ့တာပါ။
ရဲဘော်လေးဖြူ(ခ) လိပ်စွန်ဟာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲဖို့စောင့်ဆိုင်းနေစဉ် မိုင်းထပေါက်ကွဲတာကြောင့် အခင်းအဖြစ်နေရာမှာပဲ ကျဆုံးသွားတာဖြစ်တယ်လို့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့ ပြန်ကြား ရေးတာဝန်ခံက ဆိုပါတယ်။
ကျဆုံးသွားတဲ့ PDF ရဲဘော်လေးဖြူ (ခ)လိပ်စွန်ရဲ့ ဈာပနကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ရက်နေ့က သရက်ချောင်းမြို့နယ် တောတွင်းနေရာတစ်ခုမှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို ခုခံတော်လှန်နေတဲ့ ဒေါင်းမင်းစစ်ဆင်ရေးအဖွဲ့မှာ တိုက်ပွဲတွေနဲ့ မိုင်းမတော်တဆမှုတွေကြောင့် ကျဆုံးခဲ့တဲ့ ရဲဘော် ၄ ဦးထိ ရှိလာခဲ့တာပါ။
သရက်ချောင်းမြို့နယ်၊ သရက်ချောင်း-ပုလော ပြည်ထောင်စုလမ်းမပေါ်မှာတော့ အခုရက်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေနဲ့ဒေသကာကွယ်ရေးအဖွဲ့တွေအကြား စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်း မကြာခဏဆိုသလို ဖြစ်ပွားနေတာပါ။
သတင်း – သံလွင်တိုင်းမ်