ဝါရှင်တန်၊ ဒီဇင်ဘာ(၁၅)
ယူကရိန်းကို ပက်ထရွိုက်လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်တွေပေးဖို့ အမေရိကန်ကစီစဉ်နေပြီး သမ္မတ ဂျိုးဘိုင်ဒင်က အခုသီတင်းပတ်အတွင်း အဲဒီအစီအစဉ်ကို ကြေညာနိုင်ဖွယ်ရှိကြောင်း အမည်မဖော်လိုတဲ့ အရာရှိတွေက ပြောကြားခဲ့ပါတယ်။
ရုရှားရဲ့ တိုက်ခိုက်မှုတွေဟာ အရပ်သားအမြောက်အများသေဆုံးစေပြီး အဓိကကျတဲ့ဓါတ်အားပြတ်တောက်မှုတွေ ဖြစ်ပေါ်နေတာကြောင့် ယူကရိန်းဟာ အချိန်အတော်ကြာအောင် လေကြောင်းရန်ကာကွယ်ရေး အထောက်အပံ့ကို တောင်းဆိုနေခဲ့တာပါ။
ပက်ထရွိုက်ဟာ အမေရိကန်ရဲ့ အဆင့်မြင့်ဆုံး လေကြောင်းရန် ကာကွယ်ရေးစနစ်တွေထဲကတစ်ခုဖြစ်ပြီး ယူကရိန်းအတွက် ဘယ်ရွေ့၊ ဘယ်မျှပေးပို့မယ်ဆိုတာကိုတော့ မသိရသေးပဲ အကန့်အသတ်နဲ့ပေးနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
မစ်ဇိုင်းဒုံးတွေ ပေးပို့ပြီးတာနဲ့ ဂျာမနီမှာရှိတဲ့ အမေရိကန်လေတပ်အခြေစိုက်စခန်းမှာ ယူကရိန်းစစ်သားတွေကို အသုံးပြုဖို့စနစ်တွေ လေ့ကျင့်ပေးသွားမယ်လို့လည်း သိရပါတယ်။
ကရင်မလင်နန်းတော်ကတော့ ပက်ထရွိုက်စနစ်ဟာ ရုရှားရဲ့ တရားဝင်ပစ်မှတ်ဖြစ်လာမယ်လို့ ဗုဒ္ဓဟူးနေ့က တုံ့ပြန်ပြောခဲ့ပါတယ်။
အခုလို အရေးပါတဲ့ဆုံးဖြတ်ချက်ဟာ ရုရှားကိုဝေဟင်မှ ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်မယ်လို့လည်း ပြောဆိုနေကြပါတယ်။
လက်ရှိအချိန်မှာတော့ ရုရှားဟာ ယူကရိန်းရဲ့ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို ဒုံးကျည်တွေနဲ့ ပစ်မှတ်ထားပြီး တိုက်ခိုက်ခဲ့တာကြောင့် ဆောင်းရာသီမှာ သန်းနှင့်ချီတဲ့ လူတွေဟာ လျှပ်စစ်ဓာတ်အားနဲ့ ရေပြတ်တောက်မှုတွေ ခံစားနေကြရပါတယ်။
မကြာသေးမီလတွေအတွင်းကလည်း ယူကရိန်းဟာ NASAMs နဲ့ Iris-T စနစ်တွေအပါအဝင် အနောက်နိုင်ငံတွေမှ အဆင့်မြင့်လေကြောင်းရန်ကာကွယ်ရေးထောက်ပံ့မှုတွေရရှိခဲ့ပေမယ့် ဒီထက် ပိုမလိုအပ်နေပါသေးတယ်လို့ ဆိုပါတယ်။
ဒီလိုထောက်ပံ့မှုတွေဟာ ယူကရိန်းရဲ့ မြို့တွေအတွင်းမှာ ဓါတ်အားထောက်ပံ့ရေးနဲ့ ဖြန့်ဖြူးရေးဌာနတွေကို ပစ်မှတ်ထားတဲ့ ဒုံးကျည်တွေကို ကြားဖြတ်ဟန့်တားနိုင်ရုံသာမက ရုရှားနိုင်ငံရဲ့ ရှေ့တန်းအနီးမှာလေကြောင်းဆိုင်ရာ သာလွန်မှုတွေကို တားဆီးနိုင်မှာလည်း ဖြစ်ပါတယ်။
ပက်ထရွိုက်စနစ်ဒုံးတွေထောက်ပံ့ပေးဖို့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ အီရန်က ရုရှားကို တာဝေးပစ်ပဲ့ထိန်းဒုံးကျည် ထောက်ပံ့ပေးနိုင်တဲ့ အနောက်နိုင်ငံတွေရဲ့ စိုးရိမ်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ ယုံကြည်ကြောင်း Royal United Services Institute (Rusi) မှ ကာကွယ်ရေးအကြံပေး အကြီးတန်းအရာရှိ ဂျက်စတင်ဘရွန့် က မှတ်ချက်ပြုပါတယ်။
ရုရှားနှင့် အီရန်တို့ရဲ့ ဆက်ဆံရေးဟာ ဘက်စုံပြည့်ဝတဲ့ ကာကွယ်ရေးမိတ်ဖက်အဖြစ် နီးကပ်လာနေတယ်လို့ အမေရိကန် အမျိုးသားလုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့ပါတယ်။
ပက်ထရွိုက်စနစ်ကို အမေရိကန်ပိုင်ဆိုင်တဲ့ အဆင့်မြင့်ဆုံး လေကြောင်းရန် ကာကွယ်ရေးစနစ်လို့ ဖော်ပြခဲ့ပြီး ဒုံးကျည်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ (၃) သန်းခန့်ရှိတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာက ၂၀၁၇ ခုနှစ်မှာ ဖော်ပြခဲ့ဖူးပါတယ်။
အဲဒီစနစ်မှာ ဒုံးပစ်လောင်ချာ၊ ရေဒါ၊ ကွပ်ကဲမှုနဲ့ ထိန်းချုပ်ရေးဌာနနဲ့ အခြားပံ့ပိုးကူညီရေးယာဉ်တွေပါဝင်ပြီး စနစ်ကို လည်ပတ်ဖို့နဲ့ ထိန်းသိမ်းဖို့အတွက် အဖွဲ့ကြီးတစ်ခု လိုအပ်တယ်လို့ ဆိုပါတယ်။
အဲဒီစနစ်တွေကို ၁၉၈၀ ပြည့်လွန်နှစ်တွေအတွင်း စတင်အသုံးပြုကတည်းက နိုင်ငံပေါင်း တစ်ဒါဇင်ကျော်က ဝယ်ယူခဲ့ပြီး ပစိဖိတ်နဲ့ ဥရောပရှိ အမေရိကန်မဟာမိတ်တွေအပြင် ဆော်ဒီအာရေဗျတို့ကလည်း အသုံးပြုလျက်ရှိနေတာ ဖြစ်ပါတယ်။
Ref: BBC