မော်လမြိုင်၊ ဒီဇင်ဘာ (၁၆)
ထိုင်းနိုင်ငံအတွင်းမှာ ရောက်ရှိနေပြီး တရားဝင်နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်းမရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ အလုပ်အကိုင်ရရှိဖို့ အင်မတန်အလှမ်းဝေးနေသလို ပုန်းခိုနေထိုင်နေရတာကြောင့် အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတယ်လို့ အလုပ်သမားအရေးကူညီဆောင်ရွက်နေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်းနိုင်ငံထဲမှာ တရားဝင်အထောက်အထား စာရွက်စာတမ်းမရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် ပြီးခဲ့တဲ့ ဩဂုတ်လ(၁)ရက်ကနေ (၁၅)ရက်အတွင်း ထိုင်းအစိုးရက ပန်းရောင်ကတ်ဆိုတဲ့ တရားဝင်နေထိုင် အလုပ်လုပ်ကိုင်ခွင့်ကတ်ကို ခွင့်ပြုပေးခဲ့တာပါ။
အဲဒီ ဩဂုတ်လနောက်ပိုင်းကာလတွေမှာ နယ်စပ်တွေကနေတဆင့် တရားမဝင် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေဟာ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ကတ် အထောက်အထားဘာမှမရှိတဲ့အပြင် ထိုင်းရဲနဲ့ လဝကတွေရဲ့ ဖမ်းဆီးမှုရန်ကို ကြောက်နေရတာတွေကြောင့် သင့်တော်ရာနေရာတွေမှာ ရှောင်တိမ်းပုန်းအောင်းပြီး နေထိုင်နေရတာဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲ ရောက်ရှိနေတဲ့ တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ရင်ဆိုင်နေရတဲ့ အခက် အခဲတွေနဲ့ပတ်သက်ပြီး ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN)တာဝန်ရှိသူ ဦးအောင်ကျော်က အခုလိုပဲ ပြောပါတယ်။
“ဥပဒေအကြောင်းအရလည်း တရားဝင်နေထိုင်ဖို့ မဖြစ်တဲ့အတွက်ကြောင့် အဲဒီမှာစပြီး ဒုက္ခရောက်တာ။ အလုပ်ရတာ၊ မရတာထက်ကို တရားဝင်နေထိုင်ခွင့်မရှိတဲ့အတွက်ကြောင့် လွတ်လတ်စွာသွားလာလို့လည်းမရဘူး။ နောက်စိတ်အေးအေးနဲ့လည်း နေထိုင်လို့မရဘူး။ အချိန်မရွေးဖမ်းဆီးအရေးယူပြီး ပြန်ပို့ခံရနိုင်တဲ့ အနေအထားမျိုးတော့ ရှိနိုင်တာပေါ့ခင်ဗျ။ ဒါကြောင့် နံပတ် (၁)အရေးကြီးတာက အလုပ်အ ကိုင်အခွင့်အလမ်းဆိုတာ နေထိုင်ခွင့်၊ အလုပ်အလုပ်ကိုင်ခွင့်လက်မှတ်တွေကို ထုတ်ပေးတဲ့အခါမှာ ရရှိထားမှသာလျှင် သူကပိုပြီးဖြစ်နိုင်တာလေ။ အဲဒီစာရွက်စာတမ်းတွေ ဘာမှမရထားဘူးဆိုရင် တော် တော်ကို အခြေအနေဆိုးတာရှိနိုင်ပါတယ်” လို့ ပြောပါတယ်။
ထိုင်းနိုင်ငံအတွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရှိပေမယ့် ထိုင်းလုပ်ငန်းရှင်တွေက တရားဝင်စာရွက်စာတမ်းရှိတဲ့ ရွှေ့ပြောင်းလုပ်သားတွေကိုသာ ခေါ်ယူခန့်အပ်နေတာကြောင့် တရားဝင်အထောက်အထား လက်မှတ်မရှိတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ကတော့ အလုပ်အကိုင်ရရှိဖို့က အလှမ်းဝေးနေတာလည်း ဖြစ်ပါတယ်။
ဒီလိုတရားဝင်နေထိုင်ခွင့် လက်မှတ်မရှိတာ၊ အလုပ်အကိုင်မရရှိတာနဲ့ စားဝတ်နေရေးအခြေအနေစတာတွေကြောင့် ထိုင်းနိုင်ငံထဲက မြန်မာရွှေ့ပြောင်းလုပ်သားတချို့ဟာ ကိုယ့်ကိုယ်ကိုအဆုံးစီရင်လာတဲ့ နောက်ဆက်တွဲ ပြဿနာတွေလည်းရှိလာနေတာ ဖြစ်ပါတယ်။
“သောကတွေပင်လယ်ဝေဒုက္ခရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်နေရာမှာဘယ်လောက်အများကြီးရှိနေမလဲ ကျွန်တော်တို့မသိနိုင်ဘူး။ ပြောချင်တာက ဒီလိုသာတိုင်းပြည်က အလုပ်အကိုင်အခွင့် အလမ်းနည်းပါးတယ်၊ တိုင်းပြည်ပြေလည်မှုမရှိဘူး၊ တစ်ဖက်နိုင်ငံထဲကိုတရားမဝင်ခိုးဝင်မယ်၊ နောက် တရားဝင်စာရွက်စာတမ်းတွေလည်း မရှိဘူးဆိုရင် နောက်ဆက်တွဲပြဿနာတွေက မလိုလားအပ်တဲ့ ဆိုးကျိုးတွေ အများကြီးကြုံတွေ့နိုင်တယ်လို့ တွက်ဆလို့ရပါတယ်” ဦးအောင်ကျော်က ဆက်လက်ပြောကြားခဲ့ပါတယ်။
ထိုင်းနိုင်ငံထဲကို တရားမဝင်လမ်းကြောင်းကနေတစ်ဆင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မွန်ပြည်နယ်အတွင်းက ရွှေ့ပြောင်းအလုပ်သမားတစ်ဦးဖြစ်သူ ကိုလင်းကတော့ ထိုင်းနိုင်ငံထဲရောက်ရှိလာတာ (၃)နှစ်ကျော် ကြာမြင့်ခဲ့ပြီး အလုပ်အကိုင်လည်းမရသေးသလို ထိုင်းရဲရဲ့ဖမ်းဆီးမှုကိုကြောက်နေရတာကြောင့် ရှောင်တိမ်းပုန်းအောင်းပြီး နေထိုင်နေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ထိုင်းနိုင်ငံထဲကို မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်တဲ့အခြေအနေဟာ စစ်တပ်က အာဏာသိမ်းတဲ့ (၂၀၂၁)ခုနှစ် ဖေဖေါ်ဝါရီလနောက်ပိုင်းမှာ ပိုမိုများပြားလာခဲ့တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံထဲကို မြန်မာရွှေ့ပြောင်းလုပ်သားတွေ ဝင်ရောက်မှုပိုမိုများပြားလာတာဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတဲ့အကျိုးဆက်ကြောင့် ဖြစ်ပေါ်လာတဲ့ စစ်ရေး၊ နိုင်ငံရေးအခြေအနေမတည် ငြိမ်မှုတွေနဲ့ စီးပွားရေးကျဆင်းလာပြီး အလုပ်အကိုင်အခွင့်အလမ်းရှားမှု၊ ခက်ခဲကြပ်တည်းလာမှုတွေကြောင့်ဖြစ်တယ်လို့ အလုပ်သမားအရေးဆောင်ရွက်နေတဲ့သူတွေက သုံးသပ်ပြောဆိုထားပါတယ်။ထိုင်းနိုင်ငံထဲကို ထိုင်း-မြန်မာနယ်စပ်တွေကနေတစ်ဆင့် တရားမဝင် ဝင်ရောက်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေရှိသလို တရားဝင်လမ်းကြောင်းဖြစ်တဲ့ MOU စနစ်နဲ့ဝင်ရောက်ပြီး အလုပ်လုပ်ကိုင်နေတဲ့ မြန်မာလုပ်သားတွေလည်း ရှိနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်