သရက်ချောင်း၊ ဒီဇင်ဘာ (၁၅)
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ ပူးပေါင်းစခန်းတစ်ခုကို ဒီဇင်ဘာလ ၁၄ ရက်နေ့ မနက်အစောပိုင်းက တိုက်ခိုက်ခံလိုက်ရတယ်လို့ ဒေသ PDF တပ်နဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒီကနေ့မနက် ၄ နာရီအချိန်လောက်မှာ စစ်ကောင်စီတပ်နဲ့ပျူစောထီးအဖွဲ့တွေရဲ့ ပူးပေါင်းစခန်းတစ်ခုကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၃ နာရီနီးပါးအကြာဖြစ်ပွားခဲ့ပြီး တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ၄ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီနဲ့ပျူစောထီးဘက်က လက်နက်တချို့ကို ဒေသ PDF ပူးပေါင်းတပ်က သိမ်းဆည်းရမိခဲ့သလို စစ်ကောင်စီတပ်သားတချို့ကိုလည်း အရှင်ဖမ်းမိခဲ့တယ်လို့ ပြောဆိုပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းစခန်း တိုက်ခိုက်မှုအပြီးမှာ ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အောင်မြင်စွာ ပြန်လည်ဆုတ်ခွာလာပေမယ့် စစ်ကောင်စီဘက်ကတော့ စစ်ကူထပ်ဖြည့်ပြီး နေ့လည်ပိုင်းထိ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီပူးပေါင်းစခန်း သွားရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က လက်ရှိအချိန်ထိ မထုတ်ပြန်သေးပါဘူး။
သတင်း -သံလွင်တိုင်းမ်