ဘီးလင်း၊ ဒီဇင်ဘာ (၁၄)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ သောင်ကြီးကျေးရွာနဲ့ ပေါက်တောကျေးရွာက အုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို သတိပေးတဲ့အနေနဲ့ ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

အဲဒီရပ်ကျေးအုပ်ချုပ်ရေးမှူးရုံး ၂ ရုံးကို ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၂ နာရီ ည ၉ နာရီလောက်မှာ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက ဗုံးခွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ရုံးအဆောက်အဦးတချို့ ထိခိုက်ပျက်စီးခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ သိရပါတယ်။

အုပ်ချုပ်ရေးမှူးရုံးတွေကို ဗုံးခွဲသတိပေးရတာဟာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲအပေါ် လက်မခံနိုင်ကြောင်းနဲ့ ဘီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေ မရှိစေချင်တဲ့အတွက် လုပ် ဆောင်ရတာလို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီနေ့ ည ၇ နာရီအချိန်လောက်မှာ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာ၊ ဘီးလင်းတိုးဂိတ်ဟောင်းအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ သထုံဘက်ကနေ ဘီးလင်းဘက်ကိုလာတဲ့ စစ်ကောင်စီယာဉ်တန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ထိခိုက်သေဆုံးတာတွေ ရှိပေမယ့် မြေပြင်အခြေအ နေ အသေးစိတ်အချက်အလက်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဆိုပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ထဲမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးထားတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်စစ်ရေးတင်းမာနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.