နမ့်ဆန် – ဒီဇင်ဘာ(၁၃)
တအာင်းဒေသ နမ့်ဆန်မြို့နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် နမ့်ဆန် မြို့နယ် ကုန်းသာကျေးရွာထဲက ဘုန်းကြီးကျောင်းအပါအဝင် နေအိမ်(၅၀) ကျော် မိီးလောင် ပျက်စီးခဲ့တယ်လို့ တအာင်း အမျိုးသမီးအဖွဲ့အစည်း TWO က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ(၇) ရက်ကနေ့ (၁၂) ရက်နေ့အထိ စစ်ကောင်စီနဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ကုန်းသာကျေးရွာက ရွာသား(၁) ဦးသေဆုံးကာ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။
“ဒေသခံထောင်ချီထွက်ပြေးနေရတာအပေါ်က လေကြောင်းတိုက်ခိုက်တာလည်း ပါသလို ခပ်ဝေး ဝေးကနေ လက်နက်ကြီးလှမ်းထုနေတဲ့ အနေအထားတွေဖြစ်တဲ့အတွက်ကြောင့် ဒေသခံတွေ က လွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ပုံစံမျိုးတော့ဖြစ်တယ်” လို့ တအာင်းအရပ်ဘက် အဖွဲ့ အစည်းရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကို ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်နေချိန်တွေမှာ စစ်ကောင်စီက ရဟတ်ယာဉ်နဲ့ ဂျက်လေယာဉ်တွေ အသုံးပြု ပြီး ဦးတည်ရာမဲ့ ဗုံးကြဲတိုက်ခိုက်နေတာတွေဟာ ဆိုးဆိုးဝါးဝါး လုပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
စစ်ကောင်စီနဲ့ TNLA တပ်တို့ဟာ နှစ်ဘက်တိုက်ပွဲတွေကြောင့် ဒေသခံအရပ်သားပြည်သူ (၁၀၀၀) ကျော်ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး လက်ရှိအချိန်ထိ နမ့်ဆန်မြို့ ဇယန်း ဘုန်းကြီးကျောင်းမှာ လာရောက်ခိုလှုံနေရသလို တချို့ ဒေသခံတွေကတော့ နီးစပ်ရာ ကျေးရွာ တွေမှာ သွားရောက်ခိုလှုံနေရတယ်လို့ သိရပါတယ်။
လတ်တလော ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ လိုအပ်နေပြီး ထွက်ပြေးတိမ်းရှောင်နေရသူအများစုဟာ သက်ကြီး ရွယ်အို၊ကလေးသူငယ်နဲ့ အမျိုးသမီးအများစုပါဝင်နေတာပါ။
တအာင်းပြည်နယ် တပ်မဟာ(၂) စစ်ဒေသ နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီက လေကြောင်းနဲ့စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ်(၄)လုံးမီးလောင်ခဲ့ပြီး ရွာလုံးကျွတ် လက်နက် ကြီးထိမှန်ပျက်စီးသွားသလို ဒေသခံတွေရဲ့ ရွှေငွေပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ TNLA ကထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပြီး တိုက်ပွဲ တွေကြောင့် နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိနေသလို ထိခိုက်ကျဆုံးအခြေအနေအသေးစိတ် ကိုတော့ မသိရသေးဘူးလို့ TNLA ပြောခွင့်ရ ဒုဗိုလ်မှူးကြီး တာအိုက်ကျော်က သံလွင်တိုင်းမ် ကိုပြောပါ တယ်။
နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး နောက် ဟူးမန်း၊ပန်အလောက်၊မန်လုံး၊ပိန်းလုံနဲ့ ဆာမ်ငမ်ကျေးရွာက ဒေသခံထောင်နဲ့ချီ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ