မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “မန္တလေးတိုင်း၊ မတ္တရာမြိုနယ်တွင် NUG /CRPH၊PDF အကြမ်းဖက်အဖွဲအစည်းများရဲ့ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုတ်ချကြောင်း ဒေသခံပြည်သူများမှ ဆန္ဒထုတ်ဖော်” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ကို ထောက်ခံတဲ့အကြောင်း အများအားဖြင့် ဝါဒဖြန့်ဝေလေ့ရှိတဲ့ Ba Nyunt တယ်လီဂရမ်ကနေ ဒီဇင်ဘာလ (၁၂ )ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

တပ်လော်ဘီတွေဖြန့်ဝေနေတဲ့ပိုစ့်ပါ အကြောင်းအရာ အပြည့်အစုံမှာတော့ “မန္တလေးတိုင်း၊ မတ္တရာမြိုနယ်၊ကြားကျေးရွာတွင် အကြမ်းဖက်အဖွဲအစည်းများရဲ့ကြိုးကိုင်NUG/CRPH နှင့် ၎င်းတို့၏ လက်ဝေခံPDF အကြမ်းဖက်အဖွဲ၏ မတ္တရာမြိုနယ်အတွင်းရှိ အပြစ်မဲ့သံဃာတော်များနှင့် ပြည်သူများအား အကြမ်းဖက် သတ်ဖြတ်ခြင်း၊ စာသင်ကျောင်းများ အားမိုင်းခွဲခြင်းစသည့် အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ရှုချကြောင်း ဒေသခံပြည်သူများမှ ဆန္ဒထုတ်ဖော်ဆိုတဲ့ စာသားနဲ့အတူ ဓာတ်ပုံတွေကို ဖြန့်ဝေခဲ့ကြတာပါ။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။

https://t.me/banyunt969/47371?single

ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ စစ်ကောင်စီက ဒေသခံတွေကို ခြိမ်းခြောက်ခေါ်ပြီး ဆန္ဒပြခိုင်းခဲ့ခြင်းသာ ဖြစ်ပါတယ်။

ထွေအုပ်ရုံးရှေ့မှာ ဆန္ဒပြဖို့တစ်ဦးကို ဆန်တစ်ပြည်နဲ့ ငွေကျပ်(၁၀၀၀၀)ပေးမယ်လို့ ဆိုကာ လူ (၃၀၀)ပြည့်အောင် လိုက်စည်းရုံးပြီး စစ်ကောင်စီ သစ္စာခံရပ်ကွက် အုပ်ချုပ်ရေးမှူးတွေကတဆင့် တစ်အိမ်တစ်ယောက် မလာမနေရ ခြိမ်းခြောက်ခေါ်ခဲ့တာ ဖြစ်တယ်လို့ Mandalay_Free_Press သတင်းဌာနက ဖော်ပြထားတာကို စိစစ်တွေ့ရှိရပါတယ်။

ဒီဇင်ဘာ(၁၂)ရက် မနက်(၈)နာရီကနေ (၁ဝ)နာရီကျော်အထိ မတ္တရာမြို့၊ မြို့နယ် ထွေအုပ်ရုံးကနေ ဒင်္ဂါးချောင်း ကြံ့ဖွံ့ပါတီရုံးပေါက်ထိ NUG၊ CRPH နှင့် PDF တွေကို ကန့်ကွက်ကြောင်း စစ်အုပ်စုက နေ့စားသမားတွေနဲ့ ဒေသခံတွေကို ခြိမ်းခြောက်ခေါ်ပြီး ဆန္ဒပြခိုင်းခဲ့တာ ဖြစ်တယ်လို့ Mandalay_Free _Pressသတင်းဌာနနဲ့ DVB သတင်းဌာနတို့က ဒေသခံတွေထံ မေးမြန်းစုံစမ်းကာ သတင်းရေးသားဖော်ထုတ်ထားတာကို တွေ့ရပါတယ်။

Mandalay_Free_Press သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://bit.ly/3FmQtwz

DVB သတင်းဌာနက ဖော်ပြထားတဲ့လင့်

https://bit.ly/3UV1OK9

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “မန္တလေးတိုင်း၊ မတ္တရာမြိုနယ်တွင် NUG/CRPH၊PDF အကြမ်းဖက်အဖွဲအစည်းများရဲ့အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ရှုချကြောင်း ဒေသခံပြည်သူများမှ ဆန္ဒထုတ်ဖော်” ဆိုတဲ့ သတင်းဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှား တစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.