ပုလော – ဒီဇင်ဘာ(၉)
တနင်္သာရီတိုင်း ပုလောမြို့နယ် ပလမြို့ရဲစခန်းကို ဒီနေ့ ဒီဇင်ဘာလ(၉) ရက်နေ့ မနက်ပိုင်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေက သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးရှိနိုင်တယ်လို့ ကာကွယ်ရေး တပ်ဖွဲတာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒီစစ်ဆင်ရေးကို မြိတ်ခရိုင်တပ်ရင်း(၁)၊ အရိပ် ပြောက်ကျားတပ်ဖွဲ့(ပ.က.ဖ) တို့က ပူးပေါင်းပြီး စစ်တပ်၊ရဲနဲ့ ပျူစောထီးအင်အား (၃၀) ကျော်ရှိတဲ့ ပလရဲစခန်းကို တိုက်ခိုက်ခဲ့တာပါ။
“ပလထိကို PDF တွေ မလာရဲဘူး။ PDF တွေက ငကြောက်တွေပါဆိုပြီး လေလုံးထွားနေလို့ သွားပစ်တာ။ ကျွန်တော်တို့မှာ လက်နက်ကြီးမရှိလို့ သူတို့ သက်သာသွားတယ်မှတ်ပါ။ ဒီစခန်း တစ်ခုလောက်ကို RPG တစ်လုံးလောက်ထုနိုင်ရင် ပြိုတယ်။ ခုလဲ ရှိသလောက်နဲ့ သူတို့တွေ ထိခိုက်သေဆုံးရှိအောင်လုပ်နိုင်ခဲ့တယ်”လို့ မြိတ်ခရိုင်တပ်ရင်း(၁)တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်စခန်းတွေကို ဖြိုနိုင်တဲ့အထိ တိုက်ခိုက်နိုင်ဖို့ လက်နက်ကြီးတွေလိုအပ် တာကြောင့် ပြည်သူတွေအနေနဲ့ တက်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးဖို့ သူက တောင်းဆို ထားပါသေးတယ်။
တိုက်ပွဲဟာ မိနစ်(၂၀) ဝန်းကျင် ကြာခဲ့ကာ စခန်းကို ပစ်ခတ်ခံရတဲ့ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးတာတွေရှိပေမယ့် စခန်းထဲက အခြေအနေကြောင့် ထိခိုက်သေဆုံးစာရင်း အတိအကျ မရခဲ့ဘူးလို့ ဆိုခဲ့ပြီး PDF တွေဘက်ကတော့ ထိခိုက်ကျဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။
ပလရဲစခန်းဟာ ဒေသခံတွေကို အကြောင်းအမျိုးမျိုးပြဖမ်းဆီးတာတွေလုပ်နေကာ ငွေကြေး မတရားတောင်းခံတာတွေလုပ်နေသလို ပုဒ်မတပ်ပြီး မတရားထောင်ချတာတွေလည်း လုပ် နေတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲမှာ အထိနာခဲ့တာကြောင့် စစ်ကောင်စီဘက်ကနေ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာ တွေထဲကို ၄၀(မမ) လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလုပ်ခဲ့တဲ့အတွက် ပြည်သူတွေ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
တနင်္သာရီတိုင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သား သေဆုံးမှု (၃၁၇) ဦးထိရှိလာပြီဖြစ်တယ်လို့ Southern Monitor က သတင်းထုတ် ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်