ရန်ကုန် – ဒီဇင်ဘာ(၉)
ယူကေအစိုးရကစစ်ဘက်ဆိုင်ရာ လုံခြုံရေးအရာရှိချုပ်ရုံး၊စစ်ကောင်စီတပ်မ (၃၃) နဲ့ တပ်မ(၉၉) တို့ကို ဒီနေ့ ဒီဇင်ဘာလ(၉) ရက်နေ့မှာ ပိတ်ဆို့မှုတွေ ထပ်မံချမှတ်လိုက်တယ်လို့ မြန်မာနိုင်ငံဆိုင် ရာ ဗြိတိန်သံရုံးက သတင်းထုတ်ပြန်ထားပါတယ်။
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ရုံး အနေနဲ့ စစ်ကြောရေးလုပ်ချိန်မှာ မုဒိန်းမှု၊ လိင်ပိုင်းဆိုင် ရာ အကြမ်းဖက်မှု အပါအဝင် ညှဉ်းပမ်းနှိပ်စက်မှုတွေကို အဓိက ကျူးလွန်သူတွေ ဖြစ်တယ်လို့ ဆိုထားတာပါ။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လိင်အကြမ်းဖက်တာတွေအပါ အဝင် တခြားအကြမ်းဖက်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ စစ်ကောင်စီ တပ်မ-၃၃ နဲ့ ၉၉ တို့ကို အရေးယူပိတ်ဆို့မှုတွေလုပ်ခဲ့တာကြောင့် အရေးယူပိတ်ဆို့မှုတွေပြုလုပ်ခဲ့တာဖြစ်တယ် လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ အခြေခံကျတဲ့ လူ့အခွင့်အရေးတွေက ဆိုးဆိုးဝါးဝါး ချိုးဖောက်ခံနေရပါတယ်၊ အဲဒီချိုးဖောက်မှုတွေရဲ့ နောက်ကွယ်ကသူတွေကို တာဝန်ခံစေဖို့၊ အရေးယူနိုင်ဖို့ ဒဏ်ခတ်ပိတ်ဆို့ မှုတွေနှင့် ဆက်လက်လုပ်ဆောင်သွားပါမယ်။ ဒီလိုမျိုး ကျယ်ပြန့်တဲ့ တုံ့ပြန်လုပ်ဆောင်မှု တွေက တဆင့် ပဋိပက္ခအတွင်း လိင်အကြမ်းဖက်မှု အပါအဝင် တခြားမြောက်များစွာသော ရက်စက် ကြမ်းကြုတ်မှုတွေကို ရွံ့ရှာ ထိတ်လန့်ဖွယ် ကျူးလွန်နေတဲ့သူတွေကို ဖော်ထုတ်ပေး သွားမှာဖြစ်ပါတယ်” လို့ ယူကေနိုင်ငံခြားရေးဝန်ကြီး ဂျိမ်းစ်ကလဲဗာလီ က ပြောခဲ့ပါတယ်။
ဒါ့အပြင် လူ့အခွင့်အရေးနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍတွေမှာ ယူကေနိုင်ငံက ဦးဆောင်သူ ဖြစ်အောင် လုပ်ပြနိုင်တာကို ဂုဏ်ယူနေသလို မုန်တယ်လို့ ယုံကြည်တဲ့ အရာတွေအတွက် ကမ္ဘာ့ဇာတ်ခုံပေါ်မှာ မားမားမတ်မတ်ရပ်တည်သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
နိုင်ငံတကာမိတ်ဖက်နိုင်ငံတွေနဲ့ ညှိနှိုင်းပြီး ပူးပေါင်းပြုလုပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ ကမ္ဘာတဝှမ်းရှိ အကျင့်ပျက်ခြစားသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေ၊ လိင်အကြမ်းဖက် မှု ကျူးလွန်သူတွေကို ပစ်မှတ်ထားအရေးယူတဲ့ ကမ္ဘာလုံးဆိုင်ရာ အရေးယူတုံ့ပြန်မှု ပုံစံရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ လူပုဂ္ဂိုလ်(၃၀) ဦးနဲ့ အဖွဲ့အစည်း(၂၃) ခုကို မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိသူတွေအဖြစ် ယူကေအစိုးရက ဒဏ်ခတ်ပိတ်ဆို့ထားတယ် လို့သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်