မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)ဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စစ်အုပ်စုကိုလက်နက်ကိုင် တော်လှန်ဖို့ တည်ထောင်ထားတဲ့ မွန်လူမျိုးကို ကိုယ်စားလှယ်ပြုတဲ့ လက်နက်ကိုင်အဖွဲ့အစည်း တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် မွန်ပြည် လွတ်မြောက်ရေးတပ်တော်တည်ထောင်ဖြစ်တဲ့ အခြေအနေ၊ ဆက်လက် ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ် ၊ စစ်ရေးပြင်ဆင်မှုတွေနဲ့ ပတ်သက်ပြီး မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ဥက္ကဋ္ဌမင်းဗညားဟံသာနဲ့ ဆက်သွယ်မေးမြန်းချက်။

-အရင်ဆုံးအနေနဲ့မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ကို ဘာကြောင့် ဖွဲ့စည်းဖြစ်ခဲ့တာလဲ။

ကျွန်တော်တို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)ကိုဖွဲ့စည်းတည်ထောင်ထားတာတော့ ကြာတော့ ကြာနေပါပြီ။ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(M.L.A) တပ်ဖွဲ့ဝင်အားလုံးကလည်း စစ်ကောင်စီအာဏာ သိမ်းပြီးတည်းက တော်လှန်ရေးအတွက် ကျရာတာဝန်ကနေ ထမ်းဆောင်ခဲ့တဲ့ လူတွေချည်းပဲ။ အဲဒီတော့ ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ်မှာ တော်လှန်ရေးလုပ်နေတဲ့ အဖွဲ့အစည်းတွေ အများကြီးပေါ်ပေါက် လာတယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အားရမိပါတယ်။မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A) ကလည်း တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေလိုပဲ ရည်ရွယ်ချက်တူညီစွာနဲ့ အင်အားကောင်းတဲ့ ကျစ်လစ်တဲ့ မွန်ပြည်နယ်တော်လှန်ရေးတပ် တစ်ခုဖြစ်လာဖို့အတွက်ရယ် ဒါကတော့တစ်ပိုင်း၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ ပန်းတိုင်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပေါ်ပေါက်လာဖို့အတွက်ရယ် အဲဒီလိုအပိုင်းနှစ်ပိုင်းနဲ့ ရည်ရွယ်ပြီး ကျွန်တော်တို့ ဖွဲ့စည်းလိုက်တာပါ။

-မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)မှာ ဘယ်လို ရည်ရွယ်ချက်တွေ ရှိနေလဲ။ မွန်ပြည်လွတ်မြောက် ရေး တပ်တော် (M.L.A) ရဲ့ ရပ်တည်ချက်က ဘယ်လိုမူဝါဒတွေ ချမှတ်ထားတာလဲ။

ကျွန်တော်တို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)သည် ဖက်ဒရယ်ဒီမိုကရေစီပေါ်ပေါက်လာရေး ကိုယ် ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ပြည့်ပြည့်ဝဝ အာမခံချက်ပေးနိုင်တဲ့ မွန်ပြည်နယ်ပေါ်ပေါက်လာတဲ့ အထိ နည်းလမ်းပေါင်းစုံ အသုံးပြုကာ တိုက်ပွဲဝင်သွားမှာပေါ့နော်။ ဒါ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ပေါ့။ ကျွန်တော် အကျဉ်းချုပ်ပြောရမယ်ဆိုရင် ကျွန်တော်တို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)က အာဏာရှင်စနစ်နဲ့ မဟာလူမျိုးရေးဝါဒပပျောက်ရေးကို အမြစ်ပြတ်တဲ့အထိ ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ဒါကတော့ ကျွန်တော်တို့ရဲ့ မူဝါဒပေါ့။

-မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUGအောက်ကနေ သွား တာလား။ ဒါမှမဟုတ် ဘယ်အဖွဲ့အစည်းတွေရဲ့ အနှောင်အဖွဲ့မပါဘဲ လွတ်လပ်တဲ့ မွန်ပြည်လွတ်မြောက် ရေးတပ်တော် (M.L.A) အနေနဲ့လား။ ဘယ်လိုမျိုးလဲ။

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)က အမျိုးသားညီညွတ်ရေးအစိုးရ NUGလက်အောက်ကတော့ မဟုတ်ပါဘူး။ နောက်ပြီးတော့ ဘယ်အဖွဲ့အစည်းတွေထဲမှ မပါတဲ့လွတ်လပ်တဲ့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် (M.L.A)အနေနဲ့ပဲ သွားမှာပါ။

-မွန်ပြည်ကာကွယ်ရေးတပ် (MSDF) တောင်ပိုင်းနဲ့ မြောက်ပိုင်းတပ်ဖွဲ့အပါအဝင် အခြားသော တော်လှန်ရေး အင်အားစုတွေနဲ့ မဟာမိတ်ဖွဲ့ထားတာရှိလား။ ဒါမှမဟုတ် မဟာမိတ်ဖွဲ့ဖို့ အစီအစဉ်တွေ ရှိမလား။

ကျွန်တော်တို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)မှာပေါ့နော်။ မဟာမိတ်နဲ့ပတ်သက်တဲ့ မူဝါဒလမ်း စဉ်တွေရှိတယ်။ အဲဒီတော့ ကျွန်တော်တို့ မဟာမိတ်မူဝါဒလမ်းစဉ်နဲ့အညီ ရည်ရွယ်ချက်တူညီပြီး ရည်မှန်းချက် တူညီနေမယ်ဆိုရင် ဘယ်တော်လှန်ရေးအဖွဲ့အစည်းနဲ့မဆိုမဟာမိတ်လုပ်ဆောင်သွားဖို့ ရည်ရွယ်ချက်တွေ ရှိပါတယ်။

-မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)က ဒီနှစ် စက်တင်ဘာ ၂၃ ရက်နေ့မှာစတင်ဖွဲ့စည်းတယ်လို့ ထုတ် ပြန်ထားတာတွေ့တယ်။ ဆိုတော့ ရဲဘော်၊ ရဲမေတွေကိုဘယ်အချိန်ကတည်းက သင်တန်းပေးနေခဲ့တာလဲ။

ကျွန်တော်တို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)က ပြည်သူလူထုရှေ့ချမပြခင်ကတည်းက ကျွန် တော်တို့ သင်တန်းတွေ ပေးနေပါတယ်။ ပြီးတော့ အင်အားကလည်း အထိုက်အလျောက် ရှိတာပေါ့နော်။ ဒီ ထက်မက ပိုပြီးတော့ လုပ်နိုင်ဖို့ ကြိုးစားနေပါတယ်။

-အင်အားကရော အထိုက်အလျောက်ရှိရဲ့လား။ စစ်ရေးလေ့ကျင့်မှုအတွက် တပ်တော်အနေနဲ့ဘာတွေ အခက်အခဲတစ်စုံတစ်ရာရှိမလဲ။

စစ်ရေးနည်းပြ လက်နက်ခဲယမ်းရိက္ခာ အခက်အခဲတော့ မရှိပါဘူး။ ကျွန်တော်တို့ကလည်းအတတ်နိုင်ဆုံး ပြည့်စုံအောင် စီစဉ်ထားပါတယ်။ လိုအပ်ချက်လည်း ရှိတာပေါ့နော်။အဲဒီအတွက်လည်း အများကြီး ပြင်ဆင် ထားတယ်။ ကျွန်တော်တို့မှာတပ်သားစုဆောင်းမှု အရေအတွက်ကတော့ အကန့်အသတ်တော့ မရှိပါဘူး။

-လက်ရှိအခြေအနေကရော တပ်တော်အနေနဲ့ ရဲဘော် ရဲမေတွေကို စစ်ရေးလေ့ကျင့်မှု သင်တန်းတွေ ပေးနေတာလား။

သင်တန်းကတော့ အမြဲတမ်းပေးနေမှာ။ ရပ်လိုက်လို့ မရပါဘူး။ လာနိုင်သလောက် ကျွန်တော်တို့ လက်ခံ ပါတယ်။ ကျွန်တော်တို့မှာလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်အဝရှိပါတယ်။

-တပ်သားသစ်တွေရော ထပ်မံ ခေါ်ယူဖို့ အစီအစဉ်ရှိလား။ ရှိခဲ့ရင် ဘယ်လို သတ်မှတ်ချက်တွေနဲ့ တပ်သားသစ် တွေကို ခေါ်ဖို့ရှိလဲ။

တပ်သားသစ်တွေကတော့ အမြဲတမ်းခေါ်ယူနေမှာပါ။ အဲဒီလိုခေါ်ယူတဲ့နေရာမှာလည်း အသက်အကန့်အသတ် တော့ ရှိပါတယ်။ အသက်(၁၈)နှစ်ကနေ (၃၅)နှစ်အထိ သတ်မှတ်ပြီးတော့ ခေါ်ယူပါတယ်။နောက်တစ်ခုက အာဏာရှင်စနစ်ကို မလိုလားတဲ့ကျား၊မမရွေး လူတန်းစား အလွှာပေါင်းစုံ ခံယူချက်တူညီနေမယ်ဆိုရင် ကျွန် တော်တို့လက်ကမ်းကြိုဆိုနေမှာပါနော်။ ကျွန်တော်တို့ စည်းမျဉ်း၊စည်းကမ်း အပြည့်အစုံရှိတဲ့အတွက် စည်းမျဉ်း၊ စည်းကမ်းအတိုင်း လုပ်ဆောင်သွားမှာပါ။

-စစ်အာဏာရှင်စနစ်ဖြုတ်ချပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် M.L.A တပ်တော်အနေနဲ့ ဘယ်အတိုင်းအတာအထိ မျှော်မှန်းထားတာရှိလဲ။

ကျွန်တော်တို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)အနေနဲ့ နောက်ဆုံးရည်မှန်းချက်က အာဏာရှင် စနစ်နဲ့ လူမျိုးကြီးဝါဒကို အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမယ်။ ဒါကလည်း တစ်ချက်ပေါ့နော်။ နောက်တစ် ချက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြောရမယ်ဆိုရင် ပြည်သူတွေ တကယ်လိုလားတောင့်တနေတဲ့ စစ်မှန်ပြီး ငြိမ်းချမ်းတဲ့ ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ် ပေါ်ပေါက် လာဖို့အတွက် ကျွန်တော်တို့ ကြိုးစားသွားမယ်။ နောက် တစ်ချက်က ဖက်ဒရယ်စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြည့်ပြည့်ဝဝအာမခံချက်ပေးနိုင် တဲ့ မွန်ပြည်နယ်တစ်ရပ် ပေါ်ပေါက်လာတဲ့အထိ ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်သွားမယ်။ ဒီအချက်သုံး ချက်က မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)ရဲ့နောက်ဆုံး ရည်မှန်းချက်တွေ ဖြစ်တယ်။

-နောက်ဆုံးအနေနဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)အနေနဲ့ ပြည်သူတွေ ဘာတွေများပြောချင်တာ ရှိမလဲ။

ကျွန်တော်တို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (M.L.A)အနေနဲ့ ပြည်သူတွေကို ပြောချင်တာက မွန်ပြည် နယ်မှာရှိနေတဲ့ မွန်လူမျိုးနဲ့တကွ မွန်ပြည်နယ်ဖွားတိုင်းရင်းသားလူမျိုးစုအားလုံး အမျိုးသားရေး စိတ်ဓာတ်ပြန် လည်နိုးကြားလာပြီး တော်လှန်ရေးစိတ်ဓာတ်ခိုင်မာလာရန်အတွက် အားလုံးပါဝင်လာဖို့ အတူတကွကြိုးစား သင့်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.