မော်လမြိုင်၊ ဒီဇင်ဘာ (၁၀)
မွန်ပြည်နယ်ထဲက အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းတဲ့ ၂ နှစ်နီးပါးကာလအတွင်း အလှူငွေရရှိမှု နည်းပါးလာတာ၊ စစ်ကောင်စီဘက်က တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဆက်လက်ရပ်တည်ဖို့ ပိုမိုခက်ခဲလာကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လုပ်ငန်းစဉ်တွေအကောင်အထည် ဖော်ရာမှာ စောင့်ကြည့်ခံရတာ၊ မထင်ရင်မထင်သလို ဖမ်းဆီးစစ်ဆေးမေးမြန်းခြင်း ခံရတာ၊ အကူအညီတွေပေးဆောင်ရာမှာလည်း စစ်ကောင်စီဘက်က တင်းကျပ်ထားတဲ့ စည်းကမ်းချက်တွေကြောင့် ဆက် လက်ရပ်တည်ဖို့ အခက်ကြုံနေရတာပါ။
အဲဒီထဲမှာတော့ အရပ်ဘက်အဖွဲ့အစည်းတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ စစ်ကောင်စီက အတည်ပြုပြဌာန်းလိုက်တဲ့ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဥပဒေကြောင့် သွားလာလှုပ်ရှားတာတွေ၊ ဝန် ဆောင်မှုပေးတဲ့နေရာတွေမှာ ပိုပြီးအခက်အခဲတွေရှိနေတာဖြစ်ပါတယ်။
အမည်မဖော်လိုတဲ့ အရပ်ဘက်အဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် အရင်လိုပြည်သူတွေကို ရဲရဲဝံ့ဝံ့ မကူညီနိုင်တော့သလို လူမှုရေးလုပ်ဆောင်ပေးနေတဲ့ အရပ်ဘက် အဖွဲ့အစည်းတွေကိုလည်း နိုင်ငံရေးလုပ်ဆောင်တယ်ဆိုပြီး ဖမ်းဆီးတာတွေရှိတဲ့အတွက် လုံခြုံမှုပါကင်းမဲ့လာတယ်လို့ ပြောပါတယ်။
“အရင်ကကျွန်မတို့ CSOတွေအနေနဲ့ (၂၀၁၀)နဲ့ (၂၀၂၀)ကြားကာလမှာ CSOတွေသည် ပဉ္စမ မဏ္ဍိုင်တစ်ခု အနေနဲ့တောင်မှ လုပ်နိုင်ခဲ့တယ်။ ကိုယ်ရဲ့နိုင်ငံ၊ ကိုယ်ရဲ့ပြည်သူတွေကို ကူညီနိုင်ခဲ့တယ်။ အဲဒီတုန်းက ကူညီနိုင်တဲ့ အနေအထားမျိုး ရှိခဲ့တယ်။ ဥပမာ-ဌာနဆိုင်ရာသွားမလား၊ လွှတ်တော်ကိုပဲသွားမလား၊ ဝန်ကြီးတွေနဲ့ပဲတွေ့မလား။ ကျွန်မတို့ရဲရဲဝံ့ဝံ့နဲ့ သွားရဲတယ်။ လာရဲတယ်။ ပြောရဲ ဆိုရဲတယ်။ အခု ဒီ(၂) နှစ်မှာကတော့ ကိုယ်ရဲ့အဖွဲ့ကိုတောင်မှ ကိုယ်ဆိုင်းဘုတ်တင်ထားဖို့တောင်မှ စိုးရိမ်စိတ်တွေရှိနေတယ်။ ကျွန်မတို့ လူမှုရေးလုပ်နေပါတယ် ဆိုတာတောင်မှ နိုင်ငံရေးလုပ်ပါတယ်ဆိုပြီးတော့ အဖမ်းအဆီးတွေက များနေတယ်လေ။ လုံခြုံမှု မရှိနေဘူးပေါ့ရှင်”လို့ ဆိုပါတယ်။
ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့အစည်းတွေအနေနဲ့ ပြည်သူတွေကို ကူညီဆောင်ရွက်ပေးတဲ့နေရာမှာ အရင်လို ထဲထဲဝင်ဝင် ဆောင်ရွက်ခွင့်မရတော့သလို မိမိတို့ရဲ့ အဖွဲ့အစည်း၊ မိမိတို့ရဲ့ မိသားစုလုံခြုံရေးအတွက်သာ ဦးစားပေးဆောင်ရွက်နေရတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီက အတည်ပြုပြဌာန်းထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေပါပုဒ်မ ၃၃ အရ ဘယ်သူမဆို မှတ်ပုံတင်လက်မှတ်မရှိဘဲ အသင်းအဖွဲ့ဖွဲ့စည်းရင် သုံးနှစ်အထိထောင်ဒဏ်ဖြစ်စေ ကျပ် ၁၀ သိန်းထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။
ဒ့ါအပြင် ပုဒ်မ ၃၈ နဲ့ ၃၉ ပါ ပြဋ္ဌာန်းချက်တွေကို ဖောက်ဖျက်ကျုးလွန်ရင် အသင်းအဖွဲ့ရဲ့တာဝန်ရှိသူကို ငါးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ သိန်းငါးဆယ်ထက်မပိုတဲ့ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ့်အပြင် ပြစ်မှုကျူးလွန်တဲ့ အသင်းအဖွဲ့ကိုလည်း ဖျက်သိမ်းတာနဲ့ အသင်းအဖွဲ့ပိုင်ငွေကြေး၊ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတာဝန်ရှိသူတစ်ဦးကလည်း စစ်ကောင်စီလက်ထက်မှာ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ပိုမိုပျောက်ဆုံးလာတယ်လို့ ဆိုပါတယ်။
“CSO အခန်းကဏ္ဍမှာကျတော့ Registration အဓိက။ အခုပြဿနာမှာက Registration ကိစ္စကြီးက ပြဿနာတွေပေါ့နော်။ CSO အခန်းကဏ္ဍတွေကို သိပ်ပြီးတော့အလေးမပေးဘူး။ နောက်ဌာနဆိုင်ရာတွေထဲမှာလည်း လက်ရှိမှာ CSOတွေရဲ့ အခန်းကဏ္ဍက နည်းနည်းပျောက်တာပေါ့နော်။ ထဲထဲဝင်ဝင် အများကြီးပါခွင့်ရလားလို့မေးရင် တချို့ကဏ္ဍတွေမှာတော့ရတယ်။ တချို့ကဏ္ဍတွေမှာတော့ မရဘူး ပေါ့။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ တစ်ခုခုဆိုရင် အရင်တုန်းကဆို ကူညီတဲ့ဥစ္စာတွေရှိတယ်လေ။ အခုကကူညီဖို့ဆိုတာထက်ကို ထိုးချဖို့ပဲရှိကြတယ်။ မြေပြင်မှာဖြစ်နေတဲ့ အခြေအနေက ပြည်သူ အချင်း ချင်းကူညီမှဖြစ်တော့မယ့် အခြေအနေပေါ့နော်”လို့ ဆိုပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာမသိမ်းခင်အချိန်က ပြည်သူတွေအတွက် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးကဏ္ဍတွေအပြင် တခြားကဏ္ဍအသီးသီးကိုပါ ကူညီဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်။
ဒါပေမယ့် အရပ်ဘက်အဖွဲ့အစည်းတွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အရင်လိုကူညီဆောင်ရွက်ပေးနိုင်မှုမရှိတော့သလို တချို့အဖွဲ့အစည်းတွေဆိုရင် ရပ်နားသွားတဲ့အထိရှိလာနေတာ ဖြစ်ပါတယ်။
သတင်း -သံလွင်တိုင်းမ်