ပုလော၊ ဒီဇင်ဘာ (၁၀)
နှစ်ဖက်စစ်ရေး တင်းမာနေတဲ့ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်မှာ တိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ရင် အပြင်ထွက်သွားလာတာမလုပ်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာပေးဖို့ မြိတ်ခရိုင်တပ်ရင်း(၁)က သတိပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာပထမအပတ်ကစပြီး ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းတွေနဲ့ တပ်စွဲထားတဲ့နေရာတွေကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာတွေ ဆက် တိုက်လုပ်ဆောင်ထားပါတယ်။
ဒေသ PDF တွေ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်လာတဲ့အတွက် နှစ်ဖက်စစ်ရေး ပိုမိုတင်းမာလာတာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ အခါအားလျော်စွာ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေ လိုက်နာပေးကြဖို့ မြိတ်ခရိုင်တပ်ရင်း(၁) ပြန်ကြားရေးတာဝန်ခံက မေတ္တာရပ်ခံလိုက်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာ ၈ ရက်နေ့ကလည်း ပုလောမြို့နယ်ခန်းမမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်နဲ့ ပဝတ်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းတွေကို မြိတ်ခရိုင်တပ်ရင်း(၁)၊ တောကြီး မြွေ ဟောက်အဖွဲ့၊ အရိပ်ပြောက်ကျားအဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ထားပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ထိခိုက်မှုသေဆုံးမှုကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၁)က ဆိုထားပါတယ်။
ပုလောမြို့နယ်ထဲမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့တို့ရဲ့ တိုက်ပွဲတွေကြောင့် ဒေသခံ ၅၀၀၀ ကျော်ဟာ ဘေးလွတ်ရာနေရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
သတင်း -သံလွင်တိုင်းမ်