တနင်္သာရီ၊ ဒီဇင်ဘာ (၁၀)

တနင်္သာရီတိုင်းဒေသကြီးမှာ စစ်တပ်အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီကနေ အခုနှစ်နိုဝင်ဘာလကုန်ထိ ၂၂ လတာကာလအတွင်း လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြောင့် အရပ်သားသေဆုံးသူ ၃၁၇ ဦးထိ ရှိလာတယ်လို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Southern Monitor က ဒီဇင်ဘာ ၈ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အရပ်သားသေဆုံးမှုအရ လောင်းလုံးမြို့နယ်မှာ ၈၉ ဦး၊ ရေဖြူမြို့နယ်မှာ ၅၈ ဦး၊ သရက်ချောင်းမြို့နယ်မှာ ၄၂ ဦး၊ ထားဝယ်မြို့နယ်မှာ ၃၆ ဦး၊ ပုလောမြို့နယ်မှာ ၃၂ ဦး၊ တနင်္သာရီနဲ့မြိတ်မြို့နယ်မှာ ၂၁ ဦးစီ၊ ကော့သောင်းမှာ ၁၁ ဦး၊ ဘုတ်ပြင်းမှာ ၄ ဦး၊ ကျွန်းစုမြို့နယ်မှာ ၁ ဦး၊ စုစုပေါင်း ၃၁၇ ဦး သေဆုံးထားတာပါ။

အရပ်သားသေဆုံးသူတွေထဲမှာ ရာခိုင်နှုန်းအနေနဲ့ အမျိုးသား ၇၈ ရာခိုင်နှုန်း၊ အမျိုးသမီး ၁၅ ရာခိုင်နှုန်းနဲ့ ကျန် ၇ ရာခိုင်နှုန်းဟာ ကျား/မ ခွဲခြားဖို့ခက်တဲ့အခြေအနေထိ ဆိုးရွားစွာသတ်ဖြတ်ခံထားရတယ်လို့ Southern Monitor ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

အရပ်သားတွေဟာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်စဉ် ပစ်သတ်ခံရတာ၊ စစ်ကောင်စီတပ်၊ ပျူစောထီး၊ သွေးသောက်နဲ့ စွန်ရဲအဖွဲ့တို့ရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတာ၊ လုံခြုံရေးအကြောင်းပြချက်နဲ့ပစ်ခတ်ဖမ်းဆီးတာ၊ တက်ကြွလူငယ်တွေ၊ PDF အဖွဲ့ဝင်တွေရဲ့ မိသားစုတွေနဲ့NLD ပါတီဝင်တွေကို ပစ်မှတ်ထား ပစ်ခတ်တာအပြင် တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တာကြောင့် သေဆုံးနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် တော်လှန်ရေးအင်အားစုတွေကလည်း ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ၊ စစ်ကောင်စီသတင်း ပေး၊ ဒလန်၊ အုပ်ချုပ်ရေးမှူးနဲ့ Non CDM ဝန်ထမ်းတွေကို လုပ်ကြံသတ်ဖြတ်ခံတာတွေပါဝင်ပြီး ဖြစ် စဉ်အချို့မှာ မသက်ဆိုင်တဲ့ မိသားစုဝင်တွေနဲ့ခရီးသွား အရပ်သားပြည်သူတွေ ပါဝင်တယ်လို့ ဆိုထားပါတယ်။

နိုင်ငံတဝန်းမှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် အရပ်သားပြည်သူ သေဆုံးမှု ၂၅၀၀ ကျော်အထိ ရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်မှုအသင်း(AAPP) က ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.