ရန်ကုန်၊ ဒီဇင်ဘာ (၁၀)

အာဏာသိမ်းစစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းမှုဟာ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုဖြစ်တယ်လို့ အပစ်ရပ် ၇ ဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွှန့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

NCA စာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ EAOs ၇ ဖွဲ့ဟာ စစ်ကောင်စီဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေ းနွေးပွဲကို ၂ ကြိမ်တိတိ တက်ရောက်ဆွေးနွေးထားကြတဲ့ အဖွဲ့တွေဖြစ်ပြီး အခုအခါမှာတော့ စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဖို့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ(NSPNC) ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြည့်ဆီ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နေ့မှာ ကမ်းလှမ်းစာပေးပို့ခဲ့တာပါ။

စစ်ကောင်စီကို EAOs ၇ ဖွဲ့ အဆိုပြုထားတဲ့ ကမ်းလှမ်းစာမှာတော့ လာမယ့်ဒီဇင်ဘာ ၁၂ ရက်နေ့ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့မှာ တစ်ဖက်ကိုယ်စားလှယ်အနည်းငယ်နဲ့ ကနဦး အလွတ်သဘောတွေ့ဆုံဆွေးနွေးမှုကို သိုသိပ်စွာစတင်မယ်လို့ ဖော်ပြပါရှိပါတယ်။

ဒီဇင်ဘာ ၁၅ ကနေ ၁၇ ရက်နေ့တွေမှာ တောင်ကြီးမြို့ ဒါမှမဟုတ် မော်လမြိုင်မြို့မှာ နှစ်ဖက်ကိုယ်စား လှယ်စုံညီစွာ အလွတ်သဘောတွေ့ဆုံပြီး နှစ်ဖက်သဘောထားတွေ ညှိနှိုင်းဆွေးနွေးကြမယ်လို့ ပါဝင်ပါတယ်။

ဒါ့အပြင်ဒီဇင်ဘာ ၂၀ ကနေ ၂၁ ရက်နေ့မှာတော့ ရန်ကုန်မြို့မှာ တရားဝင်ဆွေးနွေးမှုတွေပြုလုပ်ကာ ဆက်လက်ညှိနှိုင်းဆွေးနွေးပြီး နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောတူညီချက်တွေကို သင့်တော်တဲ့နေရာနဲ့ အချိန်မှာ စုပေါင်းတရားဝင်လက်မှတ် ရေးထိုးတာတွေပြုလုပ်ဖို့ ကမ်းလှမ်းထားတာပါ။

အပစ်ရပ် ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့် ကတော့ အလွတ်သဘောတွေ့ဆုံဖို့ ကမ်းလှမ်းမှုဟာ သက်ဆိုင်သူအားလုံးပါတဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် အခင်းအကျင်းတစ်ခုရယူဖို့ ကြိုးပမ်းတာလို့ ပြောပါတယ်။

“လက်ရှိ နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားဖို့ဆိုရင်တော့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်မြောက်ဖို့လေ။ သို့သော်လည်းပဲ ပထမအဆင့်အနေနဲ့ သွားလက်စ (စကစနဲ့တွေ့ဆုံခဲ့တဲ့ EAOs) ၇ ဖွဲ့ကနေပြီးတော့ စုပေါင်းသွားနိုင်တဲ့အခင်းအကျင်းတစ်ခုကို ညှိနှိုင်းသဘောတူညီမှု ရယူဖို့ ကြိုးပမ်းခြင်းဖြစ်ပါတယ်။ ထိုနည်းတူ EAOs ၇ ဖွဲ့ စုပေါင်းပြီးတော့ သွားရောက်ညှိနှိုင်းဖို့ သဘောတူပြီဆိုလည်းပဲ ကျွန်တော်တို့ ဆွေးနွေးမယ့်အကြောင်းအရာတွေ အာဂျန်ဒါတွေကို ကြိုတင်ပြီးတော့ အ လွတ် သဘောဆွေးနွေးညှိနှိုင်းဖို့ အဲဒီသဘောတူညီချက်ကို ရည်မှန်းပြီးတော့ ကြိုးပမ်းတာပါခင်ဗျ”လို့ သူကဆိုပါတယ်။

ဒါ့အပြင် EAOs ၇ ဖွဲ့ရဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ကနေ စစ်ကောင်စီရဲ့ NSPNC က ပုဂ္ဂိုလ်တွေနဲ့ ဆောင်ရွက်လိုတဲ့ အခင်းအကျင်းကို နှစ်ဘက်စလုံးလက်ခံနိုင်တဲ့ Win-Win အခြေအနေမျိုးရရှိလာဖို့ စတင်အဆိုပြုတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆက်ပြောပါတယ်။

NCA-S EAO ၇ ဖွဲ့အနေနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့ ရည်ရွယ်ပြီး နှစ်ဖက်လက်ခံနိုင်တဲ့ ဘုံသဘောထားတွေနဲ့ သဘောတူညီချက်တွေ ရရှိနိုင်ရေး အလွတ်သဘော တွေ့ဆုံဆွေးနွေးနိုင်ဖို့ အဆိုပြုခဲ့တာလို့ ဆိုထားပါတယ်။

တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီကို EAOs တွေက တစ်ဖွဲ့ချင်းစီ သွားတွေ့နေတာထက်စာရင် ၇ ဖွဲ့ စုပေါင်းပြီး ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲရေးနဲ့ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း ၃ ကို ဆွေးနွေးနိုင်တယ်လို့ သုံးသပ်ပါတယ်။

“EAOs ၇ ဖွဲ့က သူတို့တောင်းဆိုထားတဲ့ ပြည်နယ်ဖွဲ့စည်းပုံရေးဆွဲတဲ့ဟာတွေ မပြီးပြတ်သေးတဲ့ပြည် ထောင်စု သဘောတူစာချုပ် အပိုင်း ၃ အဆက်ကိုပဲ သူတို့ဆွေးနွေးဖို့ ရှိမယ်ထင်တယ်။ ဒါပေမယ့် ဘယ် လောက်အထိ သွားနိုင်လဲဆိုရင်တော့ ရည်ရွယ်ချက်က ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တည်ဆောက်မယ်ဆိုပြီး ရေးထားတယ်ဆိုတော့ ကျွန်တော်မြင်တာ အရင်ကဒေါ်စုအစိုးရနဲ့ ဆွေးနွေးခဲ့တဲ့ ပြည်ထောင်စုသဘောတူစာချုပ်ကိုပဲ ပြန်အသက်သွင်းမယ့်ပုံပေါ်တယ်” လို့ သူက ထောက်ပြပါတယ်။

စစ်ကောင်စီနဲ့ အလွတ်သဘောတွေ့ဆုံဆွေးနွေးနိုင်ဖို့ ကြိုးပမ်းနေတဲ့ EAO (၇) ဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊လားဟူဒီမိုကရက်တစ်အစည်းအရုံး(LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ပါဝင်ပါတယ်။

အဲဒီတိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့က ကိုယ်စားလှယ်တစ်ဦးချင်းစီနဲ့ ဖွဲ့စည်းထားတဲ့ အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဝင်တစ်ချို့ကို သံလွင်တိုင်းမ်က ၄ ကြိမ်ထက်မနည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.