ကော့ကရိတ်၊ ဒီဇင်ဘာ(၁၀)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ထဲက ကျေးရွာတွေအပေါ် အခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုတွေ နေ့စဉ်ဆိုသလို လုပ်ဆောင်နေပြီး ကျောင်းဆရာမနဲ့ ကျောင်းသားတွေအပါအဝင် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU နဲ့ ဒေသခံတွေထံကနေ သိရပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ(၁)ရက်နေ့ကစပြီး KNU ကော့ကရိတ်မြို့နယ် ဘော့ဒိုင်းကျေးရွာနဲ့ ကျုံဒိုးမြို့ ဖားကျကျေးရွာ၊ တောင်ကြာအင်းကျေးရွာတွေထဲကို တိုက်ပွဲတွေ ဖြစ်ပွားတာမရှိဘဲ လက်နက် ကြီးပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ပြီး နေအိမ်၊ ကားစတဲ့အခြားပစ္စည်းတွေ ထိခိုက်မှုရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားတာပါ။

ဒါ့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာလ(၆)ရက်နေ့မှာ ကော့ကရိတ်မြို့အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် မောင်းမရွာသစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျောင်းဆရာမ(၁)ဦးနဲ့ ကျောင်းသား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU ပညာရေးနဲ့ ယဉ်ကျေးမှုဌာနရဲ့ ထုတ်ပြန်ထားချက်အရ စစ်ကောင်စီက ပစ်လိုက်တဲ့လက်နက်ကြီးကြောင့် မောင်းမလူထုကျောင်းမှာ စာသင်ကြားပေးတဲ့ အသက်(၃၀)အရွယ် ကျောင်းဆရာမဟာ မျက်နှာနဲ့လက်မှာဒဏ်ရာရခဲ့ပြီး အသက်(၈)နှစ်အရွယ် ကျောင်းသားကတော့ ဒဏ်ရာပြင်းထန်ခဲ့တဲ့အတွက် လက်ရှိမှာနှစ်ဦးစလုံး ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးဟာ စာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ဒီကနေ့အချိန်အထိ ကျောင်းမပြန်ဖွင့်နိုင်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ ကျေးရွာတွေအပေါ် လက်နက်ကြီးရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဒေသခံပြည်သူတွေဟာ နီးစပ်ရာဆွေမျိုးအသိတွေထံ ထွက်ပြေးတိမ်းရှောင်နေခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလတစ်လအတွင်း ကျေးရွာနဲ့ လုပ်ငန်းခွင်တွေအပေါ် စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုရှိခဲ့ပြီး နေအိမ်တွေလည်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.