သထုံ၊ နိုဝင်ဘာ (၂၉)

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ၊ တိုတယ်ခီးဌာနချုပ်ရုံးဟောင်းနေရာကို စစ်ကောင်စီက လေယာဉ်နဲ့ လာရောက် ဗုံးကြဲသွားတယ်လို့ KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဘီးလင်းမြို့နယ်ထဲမှာ ရှိတဲ့ KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ ည ၁၁ နာရီလောက်မှာ စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးနဲ့ လာရောက် ဗုံးကြဲသွားတာပါ။

ဗုံးကြဲခံတာကြောင့် ရုံးအဆောက်အဦး၂ လုံး ထိခိုက်ပျက်စီးခဲ့ပြီး KNU တပ်ဖွဲ့ဝင်တွေကတော့ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။ဗုံးကြဲတိုက်ခိုက်ခံလိုက်ရတဲ့ KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက လူနေထိုင်တာ မရှိတော့ဘူးလို့ KNU သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ KNU တပ်မဟာ(၁) ဌာနချုပ်ရုံးဟောင်းနေရာကို ဗုံးမကြဲခင် လေယာဉ်နဲ့ အဆက် မပြတ် ကင်းထောက်တာတွေ လုပ်ဆောင်ပြီးမှ လာရောက် ဗုံးကြဲသွားတာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ KNU တပ်မဟာ(၁) ဘီးလင်းမြို့နယ်ထဲမှာ စစ်ကောင်စီဘက်က လေယာဉ်အပြင် ဒရုန်းတွေနဲ့ ကင်းထောက်တာတွေ ညတိုင်းနီးပါးလုပ်ဆောင်နေတဲ့အတွက် ဝင်းတာပန်၊ လေးကေ၊ မြစ်ကျိုး၊ ကျောက်ဖျာနဲ့ အနီးအနားကျေးရွာတွေက ဒေသခံတွေဟာ ညဘက်ဆို အခြားနေရာတွေမှာ ပုန်းရှောင် ညအိပ်နေရပြီး နေ့ခင်းပိုင်းမှ ရွာထဲကို ပြန်လာရဲကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းကလည်း နှစ်ဖက်စစ်ရေးတင်းမာနေတဲ့ ဘီးလင်းမြို့နယ် လေးကေကျေးရွာကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ၃ ကြိမ် ဗုံးကြဲခဲ့တာကြောင့် ဒေသခံနေအိမ် ၁၀ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.