မော်လမြိုင်၊ နိုဝင်ဘာ (၂၉) မွန်ပြည်နယ်မှာ မြဝတီနယ်စပ်ကနေတဆင့် ဝင်ရောက်လာတဲ့ ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက ပွဲရုံတွေနဲ့ ဈေးတွေအတွင်း လိုက်လံဖမ်းဆီးသိမ်းယူနေတယ်လို့ ပွဲရုံ လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီကတော့ ထိုင်းနိုင်ငံထုတ် ဇွန်နှစ်ကောင်တံဆိပ်ပါတဲ့ စားသုံးဆီတွေဟာ အခွန်မဆောင်ဘဲ တရားမဝင် ဝင်ရောက်လာတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး လိုက်လံဖမ်းဆီးသိမ်းယူနေတာ ဖြစ်ပါတယ်။

စစ်ကောင်စီက ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို လိုက်လံဖမ်းဆီး သိမ်းယူနေတာကြောင့် အရင်းပြုတ်တဲ့ အခြေအနေထိ ရောက်ရှိလာသလို လက်ရှိမှာလည်း ထိုင်းကုန်ပစ္စည်း ဖြန့်ဖြူးရောင်းချနေတဲ့ ပွဲရုံအများစု လုပ်ငန်းပိတ်ထားကြတယ်လို့ ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“ဖမ်းနေတယ်လေ မော်လမြိုင်မှာ ကုန်တောင်ကုန်တော့မယ်။ ပွဲရုံတန်းတွေအားလုံး သိမ်းထားပြီးသွားပြီ။ ပုဇွန် (၂)ကောင် တံဆိပ်ပါတဲ့ ဆီကို ဖမ်းတာ။ အကုန်လုံး ရှိသမျှပုံးအကုန်လုံး သိမ်းသွားတာလေ။ အခွန်မဆောင် တရားမဝင်ကုန်ဆိုပြီး။ အခက်အခဲက ဘယ်လိုဖြစ်လဲဆို ကုန်တာပေါ့။ ရှိတာ ကုန်တာပေါ့။ ပွဲရုံတွေ ပါတယ်၊ တစ်ယောက်၊ တစ်ယောက်ကို မနည်းဘူးလေ ပိုင်ဆိုင်မှုတွေက။ အရင်းတစ်ရင်း ပြုတ်တဲ့ပုံစံလို ဖြစ်နေတယ်”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီက တရားမဝင် အခွန်မဆောင်ဘဲ ဝင်ရောက်လာတယ်ဆိုပြီး ဖမ်းဆီသိမ်းယူသွားတဲ့ စားသုံးဆီတွေဟာ သယ်ယူပို့ဆောင်စဉ်က စစ်ကောင်စီဂိတ်အသီးသီးကို အခကြေးငွေပေးဆောင်ကာ တင်သွင်းခဲ့ရတာကြောင့် အခုလို ဖမ်းဆီးတဲ့အတွက် နှစ်ခါနစ်နာမှုရှိတယ်လို့ ပွဲရုံလုပ်ငန်းရှင်တွေက ဆိုကြပါတယ်။

ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို စစ်ကောင်စီက နေရာအနှံ့ လိုက်လံဖမ်းဆီးသိမ်းယူနေတဲ့အတွက် ဈေးကွက်အတွင်း စားသုံးဆီ ရောင်းချမှု မရှိသလောက် နည်းပါးလာတာကြောင့် စားသုံးဆီ ဈေးနှုန်းတွေ မြင့်တက်လာတယ်လို့ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“အခွန်မဆောင်ထားတဲ့ ဟာတွေကို ဖမ်းတယ်လို့လည်းပြောတယ်။ ဘယ်လိုပြောမလဲ။ တချို့ကတော့ တက်ရောင်းတာပေါ့နော်။ တချို့ကလည်း ဒီဝယ်ထားတဲ့ဟာကိုပဲ သူတို့ ရောင်းတယ်။ သူတို့ အရင်ဝယ်ထားတဲ့ ဈေးနဲ့ပဲ သူတို့ရောင်းတယ်။ တချို့တွေကတော့ ဒီဟာကုန်ရင် သူတို့ မရောင်းတော့ဘူးပေါ့။ တချို့တွေကလည်း ထပ်တက်ပြီး ရောင်းတယ်။ သူတို့ ပြန်မဝယ်ဘဲနဲ့ သူတို့ရှိတဲ့ဟာကို တက်ပြီး ရောင်းတယ်။ ပွဲရုံမှာဝယ်လို့ မရဘူးဆိုတော့ သူတို့တင်တာပေါ့”လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံထုတ် စားသုံးဆီတွေကို စစ်ကောင်စီက လိုက်လံဖမ်းဆီးမသိမ်းယူခင်က ဈေးကွက်အတွင်း စားသုံးဆီ တစ်ပိဿာကို ကျပ်(၆၅၀၀) ဝန်းကျင်သာ ရှိရာကနေ စစ်ကောင်စီ ဖမ်းဆီးပြီး (၃) ရက်အတွင်း ဒီနေ့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ တစ်ပိဿာ ကျပ်(၈၀၀၀) ဝန်းကျင်ထိ မြင့်တက်လာတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာ အဓိကအသုံးပြုတဲ့ စားသုံးဆီတွေကိုတော့ ထိုင်းနိုင်ငံမှ မှာယူတင်သွင်း အသုံးပြုနေရတာဖြစ်ပြီး အင်ဒိုနီးရှားနဲ့ မလေးရှားနိုင်ငံတွေက စားသုံးဆီတချို့ ဝင်ရောက်မှုရှိသလို ပြည်တွင်းမှာ ထွက်ရှိတဲ့ စားသုံးဆီတွေကိုတော့ အနည်းငယ် ရောင်းချမှုရှိတယ်လို့ သိရပါတယ်။

စားသုံးဆီတွေဟာ စစ်ကောင်စီ အာဏာမသိမ်းခင်က တစ်ပိဿာကို ကျပ် (၂၄၀၀) ဝန်းကျင်သာရှိခဲ့ရာမှ အာဏာသိမ်းပြီးနောက် (၄)ဆ နီးပါး မြင့်တက်လာသလို ဈေးနှုန်း မတည်ငြိမ်မှုတွေလည်း မကြာခဏ ဆိုသလို ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.