ကြာအင်းဆိပ်ကြီး၊ နိုဝင်ဘာ (၂၉)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ်ထဲမှာ စစ်ရေးဝင်ရောက်လှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ရွာ ၂ ရွာကို မီးရှို့သွားတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

ဒီကနေ့ နိုဝင်ဘာ(၂၈)ရက်နေ့ မွန်းလွဲ(၁)နာရီခွဲခန့်မှာ တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်တိုက်နယ် ပုလိန်ကျေးရွာမှာ စစ်ကြောင်းထိုးရောက်ရှိလာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဒေသခံတစ်ဦးရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးသွားခဲ့သလို ငြိမ်းချမ်းမြိုင်ကျေးရွာကိုလည်း မီးရှို့သွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီနယ်မြေဟာ KNU ထိန်းချုပ်ရာ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ် KNLA တပ်မဟာ(၆) လက် အောက်ခံ တပ်ရင်း(၁၆)ဒေသဖြစ်ပြီး အခုဖြစ်စဉ်ကြောင့် KNU သဘောထားအပေါ်မူတည်ကာ ဒေသအတွင်း တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။

အခုရက်ပိုင်းတွေထဲ ခလယ်တံခွန်တိုက်နယ်ဘက်ကိုဦးတည်ပြီး လမ်းကြောင်းနှစ်ကြောင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားလာနေတဲ့ စစ်ကောင်စီတပ်ဟာ လက်နက်ကြီးပစ်ခတ်မှုတွေ လုပ်ဆောင်နေသလို ဒေသခံတချို့ကိုလည်း ဖမ်းဆီးပြီး လမ်းပြအဖြစ် အသုံးပြုခေါ်ဆောင်သွားတာတွေရှိနေပါတယ်။

ဒါ့အပြင် တောင်ကလေး-ခလယ်တံခွန်တိုင် ကားလမ်းဘက်မှာလည်း စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းတစ်ကြောင်းဟာ ခလယ်တံခွန်တိုင်ဘက်ကို ဦးတည်ပြီး စစ်ကြောင်းထိုးဝင်ရောက်လာနေကာ လက်ရှိမှာတော့ တော့ပလော့ကျေးရွာထဲမှာ ရောက်ရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

စစ်ကောင်စီစစ်ကြောင်းတွေဟာ ခလယ်တံခွန်တိုင်တိုက်နယ်ရဲစခန်းဘက်ကို ဦးတည်ချီတက်လာတာဖြစ်ပြီး တပ်အင်အားအပြောင်းအရွှေ့လုပ်တာတွေ ဖြစ်နိုင်သလို KNLA ပူးပေါင်းတပ်ဖွဲ့တွေအပေါ်ကိုလည်း ဝင်ရောက်ထိုးစစ်ဆင်တာတွေ ရှိလာနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သုံးသပ်ကြပါတယ်။

လက်ရှိအခြေအနေကြောင့် ခလယ်တံခွန်တိုင်တိုက်နယ် အနီးနားကျေးရွာရှိ ပြည်သူတွေက ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ တောင်ကလေးကျေးရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တောင်ကလေးရဲစခန်းနဲ့ ချောင်းနှစ်ခွရဲစခန်းတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက KNLA ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ဖြစ်စဉ် ဖြစ်ပြီးတဲ့နောက် စစ်ကောင်စီတပ်ဟာ အဲဒီဒေသတွေအတွင်းမှာ စစ်ရေးအင်အားဖြည့်ဆည်းမှုတွေ ထပ်မံလုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.