ပေါက် – နိုဝင်ဘာ(၂၈)

မကွေးတိုင်း ပေါက်မြို့နယ်က ကျေးရွာ(၃) ရွာကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့တဲ့ အတွက် ပြည်သူတွေရဲ့နေအိမ်(၉၀) ကျော်မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ နိုဝင်ဘာလ(၂၈) ရက်နေ့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ညောင်ရင်းကျေးရွာမှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က အထိနာခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့တဲ့ နေရာ အနီးက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာပါ။

စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်တွေဟာ ဇီးပြားရွာက ထွက်လာပြီးနောက် ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အထိနာခဲ့တာလို့ မြိုင် ပ.က.ဖ တပ်ရင်း(၁) က ဗိုလ်က်ျာက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ကို ညောင်ရင်းရွာ နားမှာ အနည်းဆုံး မိုင်းပွိုင့်(၇) ပွိုင့်နဲ့ တိုက်ခိုက်နိုင်ခဲ့ ပြီးလက်နက်ငယ်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သူက ပြောပါသေးတယ်။

စစ်ကောင်စီစစ်ကြောင်းကို မြိုင် ပ.က.ဖ တပ်ရင်း-၁၊YDF တပ်ဖွဲ့၊ မြို့ပြပြောက်ကျား ပခုက္ကူ၊ တောင်ညိုနဂါးတပ်ဖွဲ့၊မြွေပွေးပြောက်ကျားတပ်ဖွဲ့၊တိမ်လွှာမုတ်ဆိတ်အဖွဲ့နဲ့ ကျေးရွာကာကွယ် ရေးတပ်ဖွဲ့များ ပေါက်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က(၂) ဦးသေဆုံးပြီး (၈) ဦးဒဏ်ရာရ ရှိခဲ့တယ်လို့ သိရပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် အထိနာခဲ့တဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ညောင်ရင်းရွာမှာ အိမ်ခြေ(၈၆)လုံး၊ခဲဗင်အင်း ကနေအိမ်(၆)လုံးနဲ့ ဂွေးဂုဏ်ရွာက နေအိမ် (၄) လုံး ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာ စစ်ကောင်စီ၊ပျူစောထီးပူးပေါင်းစစ်ကြောင်း နဲ့ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ မကြာခဏတိုက်တွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေဟာ ကိုင်းလယ်ရဲစခန်းကို သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီး ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မြိုင် ပ.က.ဖ တပ်ရင်း – (၁)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.