ရန်ကုန်၊ နိုဝင်ဘာ (၁၈)

အာဏာသိမ်းစစ်ကောင်စီက စစ်ရေးပဋိပက္ခ ပြင်းထန်တဲ့ဒေသရှိ တော်လှန်ရေးအင်အားစုတွေကို လက် နက်တွေအကုန် ထုတ်သုံးပြီး ပိုမိုချေမှုန်းလာနိုင်တယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆိုလိုက်ပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့ ၂၂ လနီးပါးအတွင်း တိုင်းရင်းသား ဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ကရင် ပြည်နယ်၊ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့အပါအဝင် အညာဒေသဖြစ်တဲ့ မကွေးတိုင်းနဲ့ စစ်ကိုင်း တိုင်းဒေသကြီးတို့မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ပိုမိုအသုံးပြုလာနေတာပါ။

တစ်ဖက်မှာလည်း ခြေလျင်ကြည်းတပ်ကနေ စစ်ရေးအရေးနိမ့်လာနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်နက်ကြီးတွေကို အသုံးပြုလာနေတဲ့အတွက် အပြစ်မဲ့ အရပ်သားတွေနဲ့ နေအိမ်အဆောက်အအုံ ထိခိုက်သေဆုံး ပျက်စီးမှုတွေလည်း ရှိနေပါတယ်။

နိုဝင်ဘာ ၁၆ ရက်နေ့က ကရင်ပြည်နယ်၊ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့KNU တပ်မဟာ (၆) နယ်မြေ သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲခဲ့တဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိခဲ့တာပါ။

ဒါ့အပြင် နိုဝင်ဘာ ၁၇ ရက်နေ့မှာလည်း ရခိုင်ပြည်နယ်၊မောင်တောမြို့နယ်ရှိ ဂြိတ်ချောင်းကျေးရွာမှာ စစ်ကောင်စီတပ်ကနေ ပစ်ခတ်တဲ့ လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး ဒဏ်ရာရသူတွေလည်း အများအပြားရှိခဲ့ပါတယ်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကတော့ စစ်ကောင်စီအနေနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုတဲ့ ခေါင်းစဉ် အောက်ကနေ နှိပ်ကွပ်မှုတွေကို အရင်က လုပ်ဆောင်ခဲ့တာရှိသလို နောင်လည်း ထပ်လုပ်နေဦးမယ်လို့ ဆိုပါတယ်။

“သူ့ (စစ်ကောင်စီ) ဘက်ကကြည့်ရင် စစ်ရာဇဝတ်မှုဆိုတာထက် အကြမ်းဖက်နှိမ်နင်းရေးဆိုတဲ့ ခေါင်း စဉ်နဲ့ သူက လုပ်နေတာ။ ဟိုးအရင်တုန်းကလည်း တောက်လျှောက် အဲဒီခေါင်းစဉ်အောက်ကပဲ လုပ်ခဲ့တာ။ ပြီးတော့ ရခိုင်ပြည်နယ်၊ ရိုဟင်ဂျာတွေကို နှိပ်ကွပ်ခဲ့တာလည်း အဲဒီခေါင်းစဉ်အောက်ကပဲဆိုတော့ သူကတော့ အဲဒီအကြောင်းပြချက်နဲ့ ဆက်လုပ်နေဦးမယ်လို့ပဲ ယူဆလို့ရတယ်။ အရင်တုန်းက လုပ်ခဲ့တယ်၊အခုလည်း လုပ်တယ်။ နောင်လည်း ထပ်လုပ်ဦးမှာပဲ” လို့ သူက ဆိုပါတယ်။တစ်ဖက်မှာတော့ တိုင်းပြည်ကို အရေးပေါ်ကာလ ၂ နှစ် ကြေညာထားတဲ့ စစ်ကောင်စီရဲ့ သက်တမ်းဟာ လပိုင်းသာကျန်ရှိပြီး လာမယ့်နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သက်တမ်း ကုန်ဆုံးတော့မှာပါ။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဲဒီသက်တမ်းကုန်ဆုံးပါက နောက် ခြောက်လအတွင်း ရွေးကောက် ပွဲကျင်းပဖို့ စစ်ကောင်စီက လက်ရှိမှာ မဲရုံနေရာ လျာထားတာတွေ၊လူဦးရေစာရင်း တိုက်ဆိုင်စစ်ဆေးတာတွေ စတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေကို ပြင်ဆင် လာနေပါတယ်။ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အတွင်းရေးမှူး (၁) ခူဒယ်နီယာက စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးအင်အားစုတွေကို အပြီးသတ်ချေမှုန်းဖို့ အမျိုးမျိုးလုပ်လာမယ်လို့ ဆိုပါတယ်။”သူတို့က အဆုံးအစွန်အထိလုပ်မယ်ဆိုတာ အမြဲတမ်းပြောလေ့ရှိတာပဲ။ဟိုးအရင်ကတည်းက ကျူပင်ခုတ်၊ ကျူငုတ်မကျန် စသဖြင့် ကြုံးဝါးလာတာ ကြာပါပြီ။သူတို့ကတော့ ရွေးကောက်ပွဲမတိုင်ခင်မှာတော့ တော် လှန်ရေးအဖွဲ့အစည်းတွေ၊ လက်နက် ကိုင်အဖွဲ့အစည်းတွေကို အပြီးသတ်ချေမှုန်းမယ်ဆိုတဲ့ဟာလည်း သူတို့ အစီအစဉ်တွေ ပြောထားပြီးသားရှိတယ်။ဆိုတော့ သူတို့က စစ်အာဏာရှင်စနစ်ကို ဆက် လက်ထိန်းနိုင်ဖို့ကတော့ အမျိုးမျိုးလုပ်လာမှာပဲ။ဒါကတော့ သူတို့ရဲ့ လုပ်ရပ်တွေပါပဲ”လို့ သူက ပြောပါတယ်။

KNU ပြောခွင့်ရ ပဒိုစောတောနီးကလည်း အာဏာသိမ်း စစ်တပ်ဟာ မြေပြင်မှာ စစ်ရေးအရှုံးနိမ့်နေတဲ့အတွက် တော်လှန်ရေး အင်အားစုတွေကို အငြိုးတကြီးထားပြီး လေကြောင်းကနေ ပိုမိုတုံ့ပြန်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP – Myanmar ရဲ့ အချက်အလက်တွေအရ နိုင်ငံတဝန်းမှာ စစ်တပ်အာ ဏာသိမ်းချိန်ကစပြီး အခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့အထိ လက်နက် ကိုင်ပဋိပက္ခ တိုက်ပွဲပေါင်း ၇၇၀၀ ကျော်ဖြစ်ပွားခဲ့ပါတယ်။

အဲဒီထဲမှာ ကရင်ပြည်နယ်က တိုက်ပွဲပေါင်း ၄၃၈၃ ကြိမ်ထက်မနည်း အများဆုံးဖြစ်ပွားခဲ့ပြီး စစ်ကိုင်း တိုင်းမှာတော့ တိုက်ပွဲပေါင်း အကြိမ်ရေ ၈၃၀ နဲ့ ဒုတိယအများဆုံး ဖြစ်ပွားခဲ့တာပါ။ISP-Myanmar ရဲ့ အဆိုအရ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ ကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာပြီး ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီဘက်ကနေ လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.