တနင်္သာရီ၊ နိုဝင်ဘာ (၁၈)

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ထုံတော်ကျေးရွာရှိ စစ်ကောင်စီ ခလရ(၅၆၁)တပ်စခန်းအား သွားရောက် တိုက်ခိုက်မှုမှာ PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့တယ်လို့ မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီ ခလရ(၅၆၁)တပ်စခန်းကို မြိတ်ခရိုင်တပ်ရင်း(၂) အပါ အဝင် ဒေသကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစုက သွားရောက် တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်တိုက်ပွဲအချိန် ၃ နာရီကြာ ဖြစ်ပွားခဲ့သလို တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့တာပါ။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ဝင် PDF ရဲဘော် ၂ ဦး ကျဆုံးခဲ့ပါတယ်။

အဲဒီတိုက်ပွဲကြောင့် ထုံတော်ကျေးရွာ အပါအဝင် အနီးနားကျေးရွာက ဒေသခံ ၅၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ၂၉ ရက်နေ့တုန်းကလည်း ထုံတော်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ကြား တိုက်ပွဲ ဖြစ်ပွားထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.