ရန်ကုန် – နိုဝင်ဘာ(၁၇)
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလထဲက ဖမ်းဆီးခံခဲ့ရတဲ့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်ဦးမြအေးကို ဒီနေ့ နိုဝင်ဘာလ(၁၇) ရက်နေ့မှာ အင်းစိန်အကျဉ်းထောင် ကနေပြန်လွှတ်ပေးခဲ့တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ (၁၀၂) နှစ်မြောက် အမျိုးသားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ အကျဉ်းသားတွေကို လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်တဲ့အထဲမှာ ဦးမြအေးပါဝင်တာပါ။
ဦးမြအေးရဲ့ ကျန်းမာရေးနဲ့ တခြားအခြေအနေတွေနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်ရဲ့ မေးမြန်းမှုကို တော့ မိသားစုက တရားဝင်ထုတ်ဖော်ပြောဆိုဖို့ရှိတဲ့အတွက်ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
“အဖေ ဦးမြအေး လွတ်ပြီလို့ သတင်းကြားပါတယ်၊ အခုထိတော့ အိမ်မရောက်သေးပါဘူး။ procedure တွေများလို့ ညနေလောက်မှ ထွက်လာလို့ရမယ်လို့လဲပြောကြပါတယ်။ လူကိုယ်တိုင်အိမ်ပြန်ရောက်ပြီး၊ မိသားစုနဲ့ပြန်တွေ့မှ သက်ပြင်းချနိုင်မှာမို့ ပြန်ပြီးconfirm လုပ်ပါမယ်။ ဆုတောင်းပေးတဲ့သူတွေအားလုံးကို ကျေးဇူးပါ” လို့ မဝေနှင်းပွင့်သုန်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာရေးသားထားပါတယ်။
စစ်ကောင်စီက ဦးမြအေးကို ဖမ်းဆီးပြီးနောက် ပြီးခဲ့တဲ့ မတ်လက အင်းစိန်ထောင်တွင်း တရားရုံး မှာ ထောင်ဒဏ်(၂) နှစ်ချမှတ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးအကျဉ်းသား (၁၆၂၃၂) ဦးကိုဖမ်းဆီး ထားပြီး စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသားပါဝင်မှုနည်းပါး နေတဲ့အတွက် ဝေဖန်မှုတွေရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်