သထုံ၊ နိုဝင်ဘာ (၁၇)
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပိန္နဲတောကျေးရွာနဲ့ ဝီယော်ကျေးရွာကြားမှာ နိုဝင်ဘာ ၁၆ ရက်နေ့ မနက်ပိုင်းက စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်မိုင်းထိတာကြောင့် ၃ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပိန္နဲတောကျေးရွာဘက်ကနေ ဝီယော်ကျေးရွာဘက်ကို တပ်အင်အား ၄၀ လောက်နဲ့ ခြေလျင်တောတိုးပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော် KNLA ပူးပေါင်းတပ်ဖွဲ့ထောင်ထားတဲ့ တိုက်မိုင်းထိခဲ့တာပါ။
တိုက်မိုင်းထိတာကြောင့် ထိခိုက်သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးနဲ့ ဒဏ်ရာရသူ ၅ ဦးကို စစ်ကောင်စီတပ်က လူနာတင်ယာဉ်တွေနဲ့ ပြန်လည် သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
တိုက်မိုင်းထိပြီး စစ်ကောင်စီ ခမရ(၉) ဝီယော်စခန်းထံ ပြန်လည်ဆုတ်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KNLA ပူးပေါင်းတပ်ဖွဲ့က နေ့လယ် ၁၁ နာရီမှာ ဒရုန်းနဲ့ ထပ်မံ သွားရောက်တိုက်ခိုက်ခဲ့တာပါ။
ဒရုန်းနဲ့တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေ အသေးစိတ်ကိုတော့ ဆက်လက် စုံစမ်းနေတယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က ဆိုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံမြို့နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် နှစ်ဖက်စစ်ရေး တင်းမာနေတာပါ။
သတင်း -သံလွင်တိုင်းမ်