မော်လမြိုင်၊ နိုဝင်ဘာ (၁၇)
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ဇေယျာသီရီရပ်ကွက်မှာ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီက မြို့ပေါ် ရပ်ကွက်နေရာ အများစုမှာ လုံခြုံရေး တိုးမြှင့်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်နေ့က ဇေယျာသီရိရပ်ကွက် နေအိမ်တစ်လုံးမှာ PDF ရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး အဲဒီပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူး သားဖြစ်သူ သေဆုံးထားပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေဟာ မြို့တွင်းမှာ အင်အား အများအပြား အသုံးပြုပြီး လှည့်လည်တာတွေ ပြုလုပ်နေသလို လုံခြုံရေးအရ အဓိက အချက်အချာကျတဲ့ နေရာတွေမှာလည်း ကင်းပုန်းချပြီး စောင့်ကြည့်တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူတွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ မြို့အတွင်း ပြည်သူတွေ လှုပ်ရှားသွားလာမှုတွေကိုလည်း တပ်ဆင်ထားတဲ့ CCTV ကနေ အမြဲ အဆက်မပြတ် စောင့်ကြည့်တာတွေ လုပ်ဆောင်နေသလို မသင်္ကာတဲ့သူတွေကိုလည်း ဖမ်းဆီးစစ်ဆေး မေးမြန်းတာတွေ ရှိတယ်လို့ သိရပါတယ်။
ရပ်ကွက်တွေအတွင်းမှာလည်း စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက အရပ်ဝတ်တွေအပြင် အိမ်စီးကားတွေ၊ ဆိုင်ကယ်တွေ အသုံးပြုပြီး လှည့်လည် စုံစမ်း စောင့်ကြည့်တာတွေ လုပ်ဆောင်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
တဖက်မှာတော့ စစ်ကောင်စီဟာ မြို့ဝင်၊ မြို့ထွက် ဂိတ်တွေမှာလည်း လုံခြုံရေး တင်းကျပ်စွာ ချထားပြီး မသင်္ကာတဲ့ သူတွေကို ရှာဖွေမေးမြန်း စစ်ဆေးတာတွေ ပြုလုပ်နေသလို မြို့တွင်း အဓိကကျတဲ့ နေရာတွေမှာလည်း ကားနဲ့ ဆိုင်ကယ်တွေကို စစ်ဆေးတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
မော်လမြိုင်မြို့ပေါ်မှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း PDF ရဲဘော် ၅ ဦးဟာ လက်နက်ငယ် ၃ လက်နဲ့အတူ ဖမ်းဆီးခံလိုက်ရတယ်လို့ မော်လမြိုင် အခြေစိုက် အထူးမြေအောက်လှုပ်ရှားမှုအင်အားစုအဖွဲ့က ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်