အမှန်/အမှား
မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု၊သတင်းမှားတွေကို အမှန် အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဝက်လက်မြိုနယ်၊ ထန်းကြီးကျေးရွာကို ဝက်လက် PDF မှ မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျ” ဆိုတဲ့ သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို တပ်ကြပ်ကြီးဖိုးစည် တယ်လီဂရမ်ကနေ နိုဝင်ဘာလ (၁၃)ရက်မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်ထောက်ခံသူများဖြန့်ဝေနေတဲ့ ပို့စ်ထဲမှာတော့ စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်၊ ထန်းကြီးကျေးရွာကို ဝက်လက် PDF မှ နိုဝင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းမှစတင်၍ မီးတင်ရှို့ခဲ့ရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျသွားသည့်အတွက် တပ်မတော်နှင့် ဒေသခံပြည်သူအချိုမှ ဝိုင်းဝန်းငြှိမ်းသက်ခဲ့ရ”ဆိုပြီး ရေးသားကာ တပ်ကြပ်ကြီးဖိုးစည် အကောင့်ကနေ ဓာတ်ပုံတွေနဲ့တကွ ဖြန့်ဝေနေတာဖြစ်ပါတယ်။
အဆိုပါ သတင်းအမှားလွှင့်နေတဲ့ ပေ့ချ်တွေကို အောက်ပါလင့်တွေမှာ ကြည့်နိုင်ပါတယ်။
ပိုစ့်ပါအကြောင်းအရာနဲ့ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ ဝါဒဖြန့် သတင်းအမှားတစ်ခုသာဖြစ်ပြီး ထန်းကြီးကျေးရွာကို စစ်တပ်နဲ့ပျူစောထီးတွေက မီးရှို့သွားတာကို စိစစ်တွေ့ရပါတယ်။
ဖြစ်စဉ်အမှန်မှာကတော့ နိုဝင်ဘာလ၁၃ရက်နေ့က ဝက်လက်မြို့နယ်နှင့် စစ်ကိုင်းမြို့နယ်စပ်ရှိ ထန်းကြီးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့စစ်တပ်က ဝင်ရောက်မီးရှို့ခဲ့တာကို သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။
ဝက်လက်မြို့နယ် တောင်ထန်းကြီး ကျေးရွာကို ရှို့ပြီးပြည်သူ လေးဦးကိုသတ်ဖြတ်ကာ မီးရှို့အလောင်းဖျောက်ခဲ့ပြီး စကစတပ်များနဲ့ ပျူစောထီးတွေက စစ်ကိုင်းနယ် ကျောင်းဖြူကျေးရွာနဲ့ တလိုင်းရွာကြားဘက်ကို စစ်ကြောင်းဆက်လက်ထိုးသွားကြောင်း ဒေသခံများနဲ့ဖွဲ့စည်းထားတဲ့ ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထားတာကို စိစစ်တွေ့ရှိရပါတယ်။
ဒါ့အပြင် ထန်းကြီးကျေးရွာရှိ အိမ်ခြေ ၃၀၀ ကျော် မီးရှို့ဖျက်ဆီးသွားခဲ့ကြပြီး ဒေသခံတစ်ဦးကိုလည်း နေအိမ်အတွင်းထည့်ကာ အလောင်းဖျောက်မီးရှို့သွားခဲ့တယ်လို့ သိရပါတယ်။
ဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ သတင်းထုတ်ပြန်ချက်လင့်
ပြည်တွင်းသတင်းဌာနများရဲ့ သတင်းဖော်ပြချက်
Mandalay_Free_Press သတင်းဌာနသတင်းလင့်
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “ဝက်လက်မြိုနယ်၊ ထန်းကြီးကျေးရွာကို ဝက်လက်pdfမှ မီးတင်ရှိခဲ့ရာ အိမ်ခြေ ၃၀၀ နီးပါး မီးလောင်ပြာကျ“ ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ကာ ဖြန့်ဝေနေတဲ့ သတင်းအမှား တစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။
သံလွင်တိုင်းမ်