မော်လမြိုင်၊ နိုဝင်ဘာ (၁၇)

အာဏာသိမ်း စစ်ကောင်စီက ကျင်းပဖို့ စီစဉ်ထားတဲ့ လာမယ့် ရွေးကောက်ပွဲဟာ နိုင်ငံတကာကို လှည့် စားဖို့နဲ့ နိုင်ငံရေး ထွက်ပေါက်ရဖို့ ကြိုးပမ်းမှုသာ ဖြစ်တဲ့အတွက်ကြောင့် အတုအယောင် အဆင့်ထက် မပိုနိုင်ဘူးလို့ နိုင်ငံရေးပါတီတချို့က ဝေဖန်လိုက်ပါတယ်။

နိုင်ငံတဝန်းမှာ စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့အချိန် စစ်ကောင်စီက နိုင်ငံရေးထွက်ပေါက်ရဖို့ ရွေး ကောက်ပွဲတစ်ရပ် မဖြစ်မနေ ကျင်းပဖို့ ကြိုးပမ်းလာတာဖြစ်ပါတယ်။

စစ်ကောင်စီဟာ လာမယ့် ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့အတွက် နယ်မြေအေးချမ်းတဲ့ဒေသတွေမှာ လူဦးရေစာရင်းကောက်ယူတာ၊ မဲစာရင်းပြုစုတာနဲ့ မဲရုံတည်နေရာတွေ လျာထားသတ်မှတ်ဖို့ ပြင်ဆင်နေပါတယ်။

အခုလို အခြေအနေမှာ စစ်ကောင်စီက ရွေးကောက်ပွဲတစ်ရပ် ကျင်းပဖို့ ပြင်ဆင်တာဟာ နိုင်ငံရေး၊စစ်ရေး၊ သံတမန်ရေးတွေမှာ အဘက်ဘက်ကနေ အကျပ်အတည်းတွေ့လာတဲ့အတွက် အတုအယောင် ရွေးကောက်ပွဲ လုပ်ပြီး ထွက်ပေါက်အဖြစ် အသုံးချဖို့ ကြိုးပမ်းမှုသာ ဖြစ်တယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ဝေဖန်တာပါ။

“စစ်ကောင်စီက ပြုလုပ်မယ့်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကျွန်မတို့ လူ့ဘောင်သစ်ပါတီက အစောကြီးကတည်းက သဘောထားထုတ်ပြန်ချက် ထုတ်ပြန်ပြီး ဖြစ်ပါတယ်။ ပထမတစ်ချက်ကတော့ စစ်ကောင် စီအနေနဲ့ ရွေးကောက်ပွဲကို သူတို့လုံးဝကျင်းပခွင့်မရှိပါဘူး။ ဘာကြောင့်လဲဆို သူတို့က ဘယ်လိုအနေ အထား ဖြစ်ဖြစ် ရွေးကောက်ပွဲကို ကျင်းပခွင့်မရှိတဲ့လူတွေ ဖြစ်တယ်။ နောက်တစ်ခုက သူတို့ ရွေး ကောက်ပွဲကို ကျင်းပဖို့ အသည်းအသန် ကြိုးပမ်းလာတာက နိုင်ငံရေး၊စစ်ရေး၊သံတမန်ရေး အဘက်ဘက်မှာ အကျပ်အတည်းတွေ့လာတော့ အတုအယောင်ရွေးကောက်ပွဲကို လုပ်ပြီး ထွက်ပေါက်အဖြစ် အသုံးချခြင်းဖြစ်ပါတယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီမှ အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးက ပြောပါတယ်။

ဒါကြောင့် စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံတကာအပါအဝင် ပြည်တွင်းရှိ အဖွဲ့ အ စည်းအသီးသီးအပြင် ပြည်သူလူထု တစ်ရပ်လုံးကလည်း ဝိုင်းဝန်းဆန့်ကျင်ဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

ရခိုင်အမျိုးသားပါတီ ပြောခွင့်ရ ဦးထွန်းအောင်ကျော်ကလည်း စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲဟာ တိုင်းပြည် မငြိမ်မသက်ဖြစ်နေတဲ့အချိန် ကျင်းပဖို့ ကြိုးပမ်းလာတဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်လာမလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ပြည်သူလူထုထိခိုက်သေဆုံးမှုကို နေ့စဉ်သတင်းတွေမှာ တွေ့နေရတဲ့အတွက် ကျွန်တော်တို့အလွန် စိတ်မကောင်းဖြစ်ရတယ်။ နောက်တစ်ခုက ကျွန်တော်တို့ ရခိုင်ပြည်နယ်ကအစ တိုက်ပွဲတွေ ပြင်းထန်နေတယ်။ အဲဒီတော့ ကျွန်တော်တို့ အရပ်သားတွေအနေနဲ့ကတော့ ဒီလောက်မငြိမ်သက်နေတဲ့အချိန်မှာ ဘယ်လိုရွေးကောက်ပွဲတွေ ကျင်းပမယ်ဆိုတာ ကျွန်တော်တို့ကတော့ စဉ်းစားလို့မရဘူးခင်ဗျ။ ရွေး ကောက်ပွဲကို ကျင်းပမယ်လို့ စစ်ကောင်စီက ကြေညာထားတာရှိပါတယ်။ရွေးကောက်ပွဲ ဖြစ်နိုင်၊မဖြစ်နိုင်ကတော့ ဘယ်အချိန်မှာ ကျင်းပမယ်လည်း အတိအကျမကြေညာထားပေမယ့် ကျွန်တော်တို့ကတော့ ဒီလောက်ဆူပူ မငြိမ်သက်မှုတွေ များနေတဲ့အချိန်မှာ အောင်မြင်တဲ့ ရွေးကောက်ပွဲတစ်ရပ်နဲ့ တရားမျှတပြီး လွတ်လပ်တဲ့ ရွေးကောက်ပွဲတစ်ခု ဖြစ်နိုင်ပါ့မလားဆိုတာ တော်တော်စဉ်းစားရကြပ်တဲ့ အခြေအနေရှိပါတယ်ခင်ဗျ ” လို့ ရခိုင်အမျိုးသားပါတီက ပြောရေးဆိုခွင့်ရှိသူ ဦးထွန်းအောင်ကျော်က သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့အထိ အနိုင်ရထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက စစ်ကောင်စီ လုပ်မယ့် ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့မှာ သဘောထား ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲကို နိုင်ငံရေးပါတီအများစုက မထောက်ခံပေမယ့် မိမိတို့ရပ်တည်ချက်အရ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီတွေလည်း ရှိနေပါတယ်။

“ရွေးကောက်ပွဲက ကျင်းပမယ်လို့တော့ ပြောတာပေါ့နော်။ ကျင်းပဖြစ်၊ မဖြစ်က ဘယ်သူမှ မပြောနိုင်ဘူး။ အဲဒီတော့မှတ်ချက်က ဘာမှ သိပ်မရှိဘူး။ ကျင်းပဖြစ်မယ်ဆိုရင်တော့ ကျွန်မတို့ ပါတီတစ်ခု အနေနဲ့ ရပ်တည်ထားတယ်ဆိုတော့ ကျွန်မတို့ကတော့ ပါတီဖျက်လို့ မဖြစ်ဘူး။ ကရင်လူမျိုးစုတွေအတွက် ရပ်တည်ထားတဲ့ ပါတီဖြစ်တဲ့အတွက် သူတို့ကိုသဘောကျတာ၊ မကျတာက တစ်ပိုင်းပေါ့နော်။ ဒါပေမဲ့ ကျွန်မတို့က ကိုယ့်လူမျိုးတွေ ရပ်တည်ဖို့အတွက် လုပ်ဖြစ်ရင်တော့ ဝင်ပြိုင်ဖြစ်လိမ့်မယ်ထင်တယ်” လို့ ကရင်ပြည်သူ့ပါတီရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဒေါ်နန့်ခင်အေးဦးက ဆိုပါတယ်။

စစ်အုပ်စုကတော့ လာမယ့် ၂၀၂၃ ခုနှစ်မှာ အချိုးကျကိုယ်စားပြုစနစ် (PR) ကျင့်သုံးပြီး လွတ်လပ်ပြီး တရားမျှတတဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲအပ်ပေးမယ်လို့ ပြောဆိုထားပါတယ်။

နိုင်ငံရေးနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေကတော့ စစ်အုပ်စုအနေနဲ့ တရားဝင်မှုရရှိဖို့ နယ် မြေစိုးမိုးထိန်းချုပ်ထားနိုင်တဲ့ မြို့ပြကျေးလက်တချို့မှာ ရွေးကောက်ပွဲပြုလုပ်လာနိုင်တယ်လို့ သုံးသပ်တာတွေ ရှိနေပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ လာမယ့် ၂၀၂၃ ခုနှစ်ဟာ တော်လှန်ရေးကို အဆုံး အဖြတ်ပေးမယ့် နှစ်အဖြစ် သတ်မှတ်ထားပြီး စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မပျက် ပျက်အောင် ချေဖျက်မယ်လို့ ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.