ဘုရားသုံးဆူ၊ နိုဝင်ဘာ ၁၆ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းလုပ်ငန်းခွင်တစ်ခုကို ဒီကနေ့ မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး တရုတ်နိုင်ငံသားတွေအပါအဝင် ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ(၁၆)ရက်နေ့ မနက်(၁)နာရီကျော်အချိန်ကစပြီး KNU တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးမှာရှိတဲ့ သတ္တုမိုင်းတူးဖော်ရေးလုပ်ငန်းခွင်တစ်ခုကို စစ်ကောင်စီတပ်က ဖိုက်တာဂျက် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဗုံးကြဲတိုက်ခိုက်မှုကြောင့် သတ္တုမိုင်းအတွင်းက တရုတ်နိုင်ငံသား(၃)ဦး သေဆုံးပြီး (၈)ဦး ဒဏ်ရာရရှိခဲ့ကာ ထိခိုက်ဒဏ်ရာရရှိသွားတဲ့သူတွေဟာ စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ထိခိုက် ဒဏ်ရာရရှိသွားတဲ့လူတွေကိုတော့ ဘုရားသုံးဆူမြို့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကေအဲန်ယူ တပ်မဟာ(၆)နယ်မြေအတွင်းမှာ စစ်ရေးပဋိပက္ခတွေ ပိုမိုပြင်းထန်လာပြီးနောက်ပိုင်း စစ်ကောင်စီတပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့သလို စစ်ကောင်စီတပ်ရဲ့ စခန်းတွေနဲ့ ရဲစခန်းတွေကိုလည်း KNLA ပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၆)ရက်နေ့ကလည်း ဘုရားသုံးဆူမြို့အနီးရှိ မက္ကသားကျေးရွာထဲကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းဆောင် မီးလောင်ပျက်စီးသွားခဲ့သလို ပြီးခဲ့တဲ့ရက်က ချောင်းနှစ်ခွနယ်မြေရဲစခန်းသိမ်းတိုက်ပွဲနဲ့ လွတ်ရှမ်းရွာက စစ်ကောင်စီဂိတ်စခန်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က လေကြောင်းပစ်ကူတွေ လုပ်ဆောင်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.