မော်လမြိုင် – နိုဝင်ဘာ(၁၆)
အာဆီယံထိပ်သီးအစည်းအဝေးက အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မြန်မာ့နွေဦးတော်လှန်ရေး အတွက် အပြုသဘောဆောင်တဲ့ ရလဒ်ထွက်လာတာဟာ NUG နဲ့ မြန်မာနိုင်ငံသူ နိုင်ငံသား တွေ ရဲ့ နိုင်ငံရေးစိတ်ဇော ထက်သန်ပြင်းပြမှုတွေကြောင့်ဖြစ်တယ်လို့ NUGယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ(၁၅) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ (၇၄) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတက အခုလိုပြောဆိုခဲ့တာပါ။
အာဆီယံအနေနဲ့ မြန်မာ့အရေးဖြေရှင်းရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဟာ မြန်မာပြည်သူ တွေလူထုရဲ့ နိုင်ငံရေးဆန္ဒသဘောအပေါ်အလေးထားပြီး အာဆီယံနဲ့ လက်တွဲပူးပေါင်းလိုတယ် လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။
ဒါ့အပြင် အစိုးရအဖွဲ့ဝင်တွေအနေနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်မှာ နိုင်ငံတကာလက်တံတွေ ဖြန့်ကျက်ထားဖို့ လိုသလို အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လိုနိုင်ငံတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ရမှာ တွေ ရှိသေးတယ်လို့ ယာယီသမ္မတက ပြောပါသေးတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာအခင်း အကျင်းမှာ မျက်နှာပျက်ရတာမျိုးဖြစ်လို့မရတဲ့အတွက် သိမ်သိမ်မွေ့မွေ့ပါးပါးနပ်နပ် ချိတ်ဆက် လုပ်ဆောင်ရမယ့် အရာတွေရှိနေတယ်လို့ အစည်းအဝေးမှာ ယာယီသမ္မတက ပြောပါတယ်။
ပြည်တွင်းနိုင်ငံရေးအခြေအနေနဲ့ ဒေသတွင်းနိုင်ငံရေးချိန်ခွင်လျှာ အပြောင်းအလဲတွေကို အမြဲ မပြတ် အကဲခတ်ပြီး လုပ်သင့်လုပ်ထိုက်တဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်နိုင်ဖို့ လိုသလို ပြည်တွင်းအင်အားစု မဟာမိတ်တွေနဲ့ ချိတ်ဆက်တည်ဆောက်မှုတွေ နိုင်ငံတကာနဲ့ ဒေသတွင်း နိုင်ငံတွေရဲ့ အကျိုးစီးပွားနဲ့ မြန်မာ့အရေးကို ချိတ်ဆက်လုပ်ဆောင်ဖို့ လိုအပ်တာ တွေ လုပ်ဆောင်ကြဖို့လည်း အစိုးရအဖွဲ့ဝင် တွေကို တိုက်တွန်းခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ ဒုတိယဝန်ကြီးတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်