မော်လမြိုင်၊ နိုဝင်ဘာ (၁၆)

မွန်ပြည်နယ်အတွင်းက တောင်သူလယ်သမားတွေဟာ အခုနှစ် မိုးစပါးရိတ်သိမ်းရာသီမှာ စပါးအထွက်နှုန်း လျော့ကျလာမှုနဲ့အတူ စစ်တပ် အာဏာသိမ်းပြီးနောက် အထွေထွေကုန်ကျစရိတ် အဆမတန်ကြီးမြင့်နေတဲ့အတွက် နာလန်မထူနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ စပါးစိုက်တောင်သူတွေဟာ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စပါးစိုက်တောင်သူတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် စိုက်ပျိုးရေး သွင်အားစု ကုန်ပစ္စည်းတွေဖြစ်တဲ့ ဓာတ်မြေသြဇာ ၊ ပိုးသတ်ဆေး အပါအဝင် စက်သုံးဆီဈေးနှုန်း ၃ ဆနီးပါး မြင့်တက်တဲ့ဒဏ်ကို အကြီးအကျယ် ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်မြေဩဇာ ဈေးနှုန်းဟာ အာဏာမသိမ်းခင်က အမျိုးအစားပေါ် မူတည်ပြီး တစ်အိတ်ကို ကျပ် ၂၀၀၀၀ ကနေ ၃၀၀၀၀ ဝန်းကျင်မှာသာ ရှိခဲ့ရာကနေ စစ်တပ်အာဏာသိမ်းပြီးနောက် တစ်အိတ်ကို တစ်သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒါ့အပြင် စပါးကောက်စိုက်ချိန်မှာလည်း အလုပ်သမားငှားရမ်းခဟာ မြန်မာ့ငွေကြေးဖောင်းပွမှုနဲ့အတူ အထွေထွေကုန်ဈေးနှန်း မြင့်တက်လာတဲ့အတွက် တစ်ရက်ကို တစ်သောင်းကျော်အထိ ပေးချေခဲ့ရတာ ဖြစ်ပါတယ်။

အခုလို အခြေအနေတွေမှာ စပါးထွက်နှုန်းပါ ထပ်မံလျော့ကျလာတဲ့အတွက် အကျိုးမြတ်ပင် မရှိကြတော့ဘူးလို့ စပါးစိုက်တောင်သူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“ဒီနှစ်ကတော့ စပါးအထွက်က အများကြီးလျော့သွားတာပေါ့။တစ်ဧကကို စပါး ၂၀/၂၅ တင်း အဲဒီလောက်ပဲ ရတော့တယ်။အထွက်နှုန်းလျော့တာက မြေဩဇာမကျွေးနိုင်တာလည်း ပါတယ်။နောက်ပြီးတော့ ခါတိုင်းလိုမျိုး မစိုက်တော့ဘူးလေ။ဒီလိုမျိုး ကြဲခင်းပဲ ကြဲပြီးတော့ အဲဒီလိုပဲ လုပ်ယူတော့ အလုပ် သမားအခက်အခဲဖြစ်တယ်။ အဲဒီအတွက်ကြောင့်မို့ ရသလောက်ပဲ စားမယ်ဆိုတဲ့ ပုံစံနဲ့ လုပ်တော့တာပေါ့။အကျိုးအမြတ်တော့ နည်းတယ်၊ မရှိသလောက် ပြောလို့ရတာပေါ့” လို့ သူက ဆိုပါတယ်။စပါးစိုက်ပျိုးထုတ်လုပ်မှု အထွေထွေကုန်ကျစရိတ်နဲ့ လုပ်သားရှားပါးမှုကြောင့် စက်ယန္တရားတွေကို တစ်ဧက ကျပ် ကိုးသောင်းခွဲအထိ ငှားရမ်းရတဲ့ စရိတ်တွေကို လက်ရှိ စပါးပေါ်ကာလ ဈေးနှုန်းနဲ့ နှိုင်းယှဉ်ရင် နာလန်ထူလို့ မရတဲ့ အနေအထားမျိုး ရှိတယ်လို့ တောင်သူတွေက ဆိုကြပါတယ်။လက်ရှိ စပါးပေါက်ဈေးဟာ ဧည့်မထ တင်း ၁၀၀ ကို ကျပ်ဆယ်သိန်းကျော် ဈေးရှိပြီး ပေါ်ဆန်း တင်း ၁၀၀ ကိုတော့ ကျပ် ၁၃ သိန်းဝန်းကျင်အထိ ပေါက်ဈေးရှိနေပေမယ့် သုံးဆလောက်တက်နေတဲ့ စိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်တွေနဲ့ တွက်ခြေမကိုက်တဲ့ အခြေအနေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။စပါးစိုက်တောင်သူတစ်ဦးကတော့ အာဏာသိမ်းမှုနဲ့အတူ စပါးအထွက်နှုန်း လျော့လာတဲ့အတွက် နာလန်မထူနိုင်တဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။”ရှုံးတယ်လို့တော့ မဆိုလိုဘူး၊ဒါပေမယ့် ကျွန်တော်တို့မှာ အကျိုးအမြတ်နည်းတာပေါ့။တောင်သူတွေက တစ်နှစ်လုံးမှ စပါးဆိုတာ တစ်သီးပဲရတယ်။နှစ်သီးရတဲ့ ကျွန်တော်တို့ ဒေသမှာဆို နှစ်သီးရတဲ့ လယ်ဧကတွေကလည်း နည်းနည်းလေးပေါ့။တစ်သီးရတဲ့ ဧက,ကများတယ်။တစ်နှစ်လုံးမှာမှ စပါးက တစ်ခါပဲပေါ်တဲ့အခါကျတော့ အကျိုးအမြတ်က နည်းတဲ့အခါကျတော့ တောင်သူတွေဘဝကတော့ နာလန်မထူနိုင်တော့ဘူးပေါ့”လို့ သူက ပြောပါတယ်။

ဒါကြောင့် လက်ရှိတက်နေတဲ့ အထွေထွေကုန်ဈေးနှုန်း၊ စပါးစိုက်ပျိုးထုတ်လုပ်မှုအတွက် သွင်းအားစုကုန်ပစ္စည်း ဈေးနှုန်းတွေနဲ့ လုပ်သားခ၊ စက်ယန္တရားဌားရမ်းခတွေအပေါ် စပါးတင်း ၁၀၀ ကို အနည်း ဆုံး ၁၅ သိန်းကျပ်ကနေ အများဆုံး သိန်း ၂၀ အထိ ဈေးကောင်းရမှသာ တောင်သူတွေအတွက် အကျိုးအမြတ်ရှိနိုင်မယ်လို့ ဆိုပါတယ်။

စပါးစိုက်တောင်သူတွေဟာ ပြီးခဲ့တဲ့နှစ် မိုးစပါး စိုက်ပျိုး ရာသီတုန်းကလည်း သဘာဝဘေးနဲ့ ဖျက်ပိုးတွေ ကျရောက်ခဲ့ တာကြောင့် မိုးစပါး အထွက်နှုန်း နည်းပါးခဲ့သလို စစ်တပ် အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်နေတဲ့ သွင်းအားစုစရိတ် မြင့်တက်မှုတွေကြောင့်လည်း အရှုံးပေါ်ခဲ့ရတာ ဖြစ်ပါတယ်။

မွန်ပြည်နယ်မှာတော့ မိုးစပါး စိုက်ဧက ၇ သိန်းနီးပါး ရှိနေတာ ဖြစ်ပြီး နှစ်စဉ် စပါးတင်းပေါင်း သိန်း ၄ သိန်းကျော် ထွက်ရှိနေတာပါ။

ထွက်ရှိလာတဲ့ စပါးတွေကို ကြိတ်ခွဲပြီး တိုင်းနဲ့ပြည်နယ်တချို့ကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.