ဆိုးလ် – နိုဝင်ဘာ(၃) 

မြောက်ကိုရီးယားက ပင်လယ်ထဲကို ဒုံးကျည်(၁၇) စင်းပစ်လွှတ်ခဲ့တဲ့အထဲက ဒုံးကျည်တစ်စင်း ဟာတောင်ကိုရီးယား ကမ်းရိုးတန်းမှ ကီလိုမီတာ (၆၀) အောက်နေရာကို ကျရောက်ခဲ့တာကြောင့် လေကြောင်းတိုက်ခိုက်မှု သတိပေးချက်တွေ ထုတ်ပြန်ကာ တောင်ကိုရီးယားသူ သူတို့ရဲ့ ဒုံးကျည် တွေကို ပြန်လည်ပစ်လွှတ်ခဲ့ပါတယ်။ 

ဒီဖြစ်ရပ်ဟာ တောင်ကိုရီးယားရဲ့ နေပိုင်နက်နားမှာ ပဲ့ထိန်းဒုံးကျည်တစ်စင်း ပထမဆုံးအကြိမ် ကျရောက်ခဲ့တာဖြစ်သလို မြောက်ကိုရီးယားက တစ်ရက်တည်း အများဆုံးပစ်ခတ်တာလည်း ဖြစ်ပါတယ်။ 

ဒုံးကျည်ဟာ တောင်ကိုရီးယား ရေပိုင်နက်အပြင်ကို ကျရောက်ခဲ့ပေမယ့် နှစ်နိုင်ငံရေပိုင်နက် နယ်နိမိတ်ဖြစ်တဲ့ Northern Limit Line (NLL) ရဲ့ တောင်ဘက်မှာ အငြင်းပွားမှုတွေဖြစ်ပေါ်ခဲ့တဲ့ အတွက် ထိရောက်တဲ့ နယ်မြေကျူးကျော်မှုလို့ တောင်ကိုရီးယား သမ္မတက ဆိုခဲ့ပါတယ်။ 

တောင်ကိုရီးယား စစ်လေယာဉ်တွေဟာ (NLL) ကိုဖြတ်ပြီး မြောက်ဘက်ပင်လယ်ထဲကို ဝေဟင်က မြေပြင်ပစ် ဒုံးကျည်သုံးစင်း ပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောဆိုထားပြီး အသုံးပြုခဲ့တဲ့ လက်နက်တွေမှာ ၈၀၀-၂၇၀ ကီလိုမီတာအထိ ပျံသန်းနိုင်တဲ့ အမေရိကန်လုပ်  ” stand-off” တိကျတဲ့ တိုက်ခိုက်ရေးလက်နက်လည်း ပါဝင်တယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ 

သမ္မတရုံးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး လျင်မြန်ပြီး တိကျတဲ့ တုံ့ပြန်မှု ပြုလုပ်မယ်လို့ ကတိပြု ပြီးနောက် ဒုံးကျည်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ ရန်စတဲ့လုပ်ရပ်အတွက် တန်ကြေးပြန်ပေးရမယ်လို့ ထုတ်ပြန်ထားပါတယ်။ 

မြောက်ကိုရီးယားရဲ့ လက်နက်မှာ တာတိုပစ် ဒုံးကျည်သုံးစင်းထဲက တစ်ခုဖြစ်ပြီး ကမ်းရိုးတန်း ဒေသ ဝွန်ဆန်က ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တာလို့ တောင်ကိုရီးယားပူးတွဲစစ်ဦးစီးချုပ်များ(JCS) ကထုတ်ပြန်ထားပြီး မြောက်ကိုရီးယားရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်ကမ်းရိုးတန်းတွေက တခြားဒုံးကျည်အမျိုးအစားစုံ(၁၄) စင်းကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။ 

အနည်းဆုံးဒုံးကျည်တစ်စင်းဟာ (NLL) ရဲ့တောင်ဘက်(၂၆)ကီလိုမီတာ၊အရှေ့ဘက်ကမ်းရိုးတန်း က ဆုဒ်ချိုမြို့ရဲ့ (၅၇) ကီလိုမီတာနဲ့ အူလမ်းကျွန်းရဲ့(၁၆၇) ကီလိုမီတာအကွာမှာ ကျရောက်ခဲ့ တယ်လို့ JCS ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

“မနက် (၈း၅၅) မိနစ်လောက်မှာ ဥသြသံကြားရပြီး အဆောက်အဦထဲက ကျွန်တော်တို့အားလုံး မြေအောက်ခန်းထဲကနေ တစ်ခြားနေရာကို ရွှေ့ပြောင်းသွားခဲ့ရတယ်၊ ပစ်လွှတ်လိုက်တဲ့ ဒုံးကျည် က ပင်လယ်ထဲကို ပြုတ်ကျတယ်ဆိုတဲ့ သတင်းကြားတော့ အပေါ်ထပ်မှာဘဲ (၉း၁၅) မိနစ် လောက်အထိ အဲဒီမှာပဲ နေခဲ့တာ” လို့ အူလမ်းခရိုင်အရာရှိတစ်ဦးက ရိုက်တာကို ပြောပါတယ်။ 

မြောက်ကိုရီးယားဟာ သူတို့ရဲ့ အရှေ့ဘက်ကမ်းရိုးတန်းက တောင်ကိုရီးယားနဲ့ စစ်ရေးသဘော တူညီချက်အရ တည်ထောင်ထားတဲ့ စစ်ရေးကြားခံဇုန်ကို အမြောက်(၁၀၀) ကျော်ကိုလည်း ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ပြောဆိုထားပြီး ပစ်ခတ်မှုလုပ်ဆောင်ခဲ့တဲ့ မြောက်ကိုရီးယားဟာ (၂၀၁၈) ခုနှစ်က သဘောတူညီချက်တွေကို ချိုးဖောက်တာဖြစ်တယ်လို့ JCS က ဆိုပါတယ်။ 

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ အကြီးစားစစ်ရေးလေ့ကျင့်မှုကိုရပ်တန့်ဖို့မြောက်ကိုရီးယား က ပြောဆိုပြီး နာရီပိုင်းအကြာမှာ ဒုံကျည်ပစ်လွှတ်ပြီး စစ်ရေးအရနဲ့ ရန်စတာကို သည်းမခံနိုင် တာကြောင့်လို့ ပြောဆိုခဲ့ပါတယ်။ 

တောင်ကိုရီးယားမှာ လူ(၁၅၀) ကျော်သေဆုံးခဲ့ပြီးနောက် နိုင်ငံလုံးဆိုင်ရာ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် သမ္မတယွန်းက ကြေညာခဲ့ပေမယ့် အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ကတော့ သူတို့ရဲ့ အကြီးဆုံးပေါင်းစပ်လေကြောင်းစစ်ရေးလေ့ကျင့်မှု ဗီဂျေးလ်လန့် လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုကို နှစ်ဘက်လုံးက ရာနဲ့ချီတဲ့ စစ်လေယာဉ်တွေနဲ့ အချိန် ပြည့်လေ့ကျင့်တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာဖြစ်တယ်လို့ သိရပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.