ရှင်းကျန်း၊ နိုဝင်ဘာ (၂)
တရုတ်နိုင်ငံ ရှင်ကျန်းဒေသမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချတဲ့ အနေနဲ့ ကုလသမဂ္ဂရဲ့ အစည်း အဝေးပွဲမှာ နိုင်ငံပေါင်း ၅၀က စုပေါင်းပြီး လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
“အထူးသဖြင့် ဝီဂါ နဲ့ ရှင်ကျန်းရှိ မွတ်ဆလင်လူနည်းစုတွေ အများစုနေထိုင်နေတဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံရှိ လူ့အခွင့်အရေးအခြေအနေတွေကို ကျွန်တော်တို့ ပြင်းပြင်းထန်ထန် စိုးရိမ်မိပါတယ်” လို့ ကုလ အထွေထွေ ညီလာခံ လူ့အခွင့်အရေးဆိုင်ရာ တတိယကော်မတီမှာ ကနေဒါက ကြေညာချက် ဖတ်ကြားခဲ့တာပါ။
ဩဂုတ်လမှာ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံး (UNOHCHR) ဟာ ရှင်ကျန်းဒေသမှာ ကာလ ကြာရှည် စောင့်ဆိုင်းခဲ့ရတဲ့ အစီရင်ခံစာတစ်စောင်ကို ထုတ်ပြန်ခဲ့ပြီး အနောက်ဘက်စွန်းဒေသရှိ ဝီဂါနဲ့ အခြား မွတ်စလင် လူနည်းစုတွေအပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။
ဘေဂျင်းကတော့ အဲဒီစွပ်စွဲချက်ကို ပယ်ချခဲ့ပြီး အကြမ်းဖက်မှုကို တိုက်ဖျက်ပြီး ဒေသတွင်း ဖွံ့ဖြိုးတိုးတက်မှုကို အာမခံချက်ပေးတယ်လို့ ချေပခဲ့ပါတယ်။
“ဒီလိုပြင်းထန်ပြီး စနစ်တကျ ချိုးဖောက်မှုတွေက အကြမ်းဖက် တန်ပြန်မှုရဲ့ အခြေခံနဲ့ တရားမျှတမှု မရှိနိုင်ပါဘူး။ OHCHR အကဲဖြတ်မှု အရှိန်ကြောင့် တရုတ်က သူ့ရဲ့ တွေ့ရှိချက်တွေကို ဆွေးနွေးဖို့ အခုအချိန်အထိ ငြင်းဆိုခဲ့တာကို စိုးရိမ်မိပါတယ်” လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားတာပါ။
အဲဒီစာတမ်းကို လက်မှတ်ရေးထိုးတဲ့ နိုင်ငံ၅၀ မှာ အမေရိကန်၊ ဗြိတိန်၊ ဂျပန်၊ ပြင်သစ်၊ သြစတြေးလျ၊ အစ္စရေး၊ တူရကီ၊ ဂွာတီမာလာနဲ့ ဆိုမာလီယာတို့ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
ရှင်ကျန်းမှာ လွတ်လပ်ခွင့်တွေကို အမြန်ပြန်ပေးဖို့၊ မတရားဖမ်းဆီးခံထားရတဲ့ လူတစ်ဦးချင်းစီကို အမြန်ဆုံး လွှတ်ပေးဖို့နဲ့ ပျောက်ဆုံးနေတဲ့ မိသားစုဝင်တွေရဲ့ ကံကြမ္မာနဲ့ တည်နေရာကို လုံခြုံတဲ့ ဆက်သွယ်မှုနဲ့ ပြန်လည်ဆုံဆည်းမှုတို့ကို လွယ်ကူချောမွေ့စေရေးလုပ်ဆောင်ဖို့ အကြံပြုချက်အပါအဝင် OHCHR အကဲဖြတ်မှုရဲ့ အကြံပြုချက်တွေကို အကောင်အထည်ဖော်ဖို့ ပေကျင်းကို တိုက်တွန်းထားခဲ့ပါတယ်။ .
နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်း (NGO) ဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဆွေးနွေးပွဲ ကို အမြန်ဆုံး ကျင်းပဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီကို တနင်္လာနေ့ အောက်တိုဘာ(၃၁)ရက်နေ့မှာ တောင်းဆိုလိုက်ပါတယ်။
“ရှင်းပါတယ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ပေကျင်းကို တာဝန်ခံဖို့ သံတမန်ရေး အရှိန်အဟုန် တိုးလာနေတယ်” ဟု အဲဒီအဖွဲ့အစည်းရဲ့ ကုလသမဂ္ဂ ညွှန်ကြားရေးမှူးက ပြောကြားခဲ့ပါတယ်။
“လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တရုတ်အစိုးရရဲ့ တာဝန်ဝတ္တရားတွေကို စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂ ကျောထောက်နောက်ခံပြုထားတဲ့ ယန္တရားတစ်ခု ထူထောင်ရေးအတွက် နည်းလမ်းတွေကို အစောဆုံး ဆွေးနွေး ပြီး စဉ်းစားကြဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ကောင်စီအဖွဲ့ဝင်တွေကို တိုက်တွန်းလိုက်ပါတယ်” လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
Ref: CNA