မော်လမြိုင်၊ နိုဝင်ဘာ (၁)

အာဏာသိမ်းမှုကြောင့် အထိနာနေတဲ့ အသေးစား၊ အလတ်စား (SME) လုပ်ငန်းတွေကို အပြည့်အဝ ကူညီပေးသွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားပေမယ့် မြေပြင်မှာတော့ လုပ်ငန်းအများစု ဆက်လက်ရပ်တည်ဖို့ ပိုမို ခက်ခဲလာတယ်လို့ SME လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ခေါင်းဆောင်က သူအာဏာယူစဉ်အတွင်းမှာ နိုင်ငံစီးပွားရေး ဦးမော့လာကြောင်းနဲ့ SME လုပ်ငန်းတွေ ဖွံ့ဖြိုးလာဖို့အတွက် ချေးငွေ ထုတ်ပေးသွားမယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာ ဖြစ်မလာတာကြောင့် လုပ်ငန်းရှင်တွေက အလုပ်တွေ မပိတ်လိုက်ရဖို့ အသည်းအသန် ကျားကန်နေရတာပါ။

SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းပြီးနောက် ကုန်ကြမ်းပစ္စည်းတွေ ဈေးတက်တာ၊ ဒေါ်လာဈေး မတည်ငြိမ်တာ၊ စက်သုံးဆီဈေး မြင့်တက်နေတာကြောင့် လုပ်ငန်းတွေ ဆက်လက် လုပ်ကိုင်ဖို့ အခက်ကြုံနေရတာ ဖြစ်ပါတယ်။

“စီးပွားရေးအခြေအနေက မကောင်းဘူး။ အရင်ထက်စာရင် အရောင်း အဝယ်က သုံးပုံ တစ်ပုံလောက်တောင် မရှိတော့ဘူး။ (SME)လုပ်ငန်းတွေက မြေပြင်မှာ ခက်ခဲနေတယ်။ ပစ္စည်းတွေက ဈေးနှုန်း အရမ်းတက်တော့ အရောင်းအဝယ်က ပါးတယ်။ ရောင်းမထွက်ဘူး။ တစ်ဖက်မှာလည်း ဈေးက တအားကြီးလိုက်တက်လို့ မရဘူး။ ရှိတဲ့ အလုပ်သမားတွေကိုပဲ ထိန်းချုပ်ရတာပေါ့။ ထမင်းစားရဖို့ပဲ။ ထမင်းစားရုံလောက်ပဲ နေနေတယ်။ အလုပ် မပိတ် ရတာ ကံကောင်းလို့ပဲ ပြောရမယ်။ ကိုယ့်ထက်ဆိုးတဲ့ လူတွေ အများကြီးပဲရှိတယ်” လို့ ပြောပါတယ်။

SME လုပ်ငန်းတွေဟာ စစ်ကောင်စီက ဒေါ်လာငွေ ထိန်းချုပ်ထားတာကြောင့် ကုန်ကြမ်းပစ္စည်း ဝယ်ယူရာမှာလည်း ပြင်ပပေါက်ဈေးအတိုင်း အဆမတန် ပေးချေးဝယ်ယူနေသလို စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်တွင်းက အလုပ်သမားတွေ ပြည်ပနိုင်ငံတွေထွက်ပြီး အလုပ်လုပ်ကိုင်နေလာတာကြောင့် အလုပ်သမား ရှားပါးမှု ပြဿနာကိုပါ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းတဲ့ကာလအတွင်း လျှပ်စစ်မီး မမှန်တာကြောင့်လည်း လုပ်ငန်းတွေ ဆက်လက်လည်ဖို့ အခက်အခဲရှိလာတယ်လို့ စတီးသံပန်း လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

“အလုပ်တွေကလည်း ပွင့်လင်းရာသီရောက်လာပြီ ဆိုပေမယ့်လည်း အလုပ်တွေကများလာပေမယ့်လည်း ပစ္စည်းတွေက ပြတ်နေလို့ ထင်သလောက် အလုပ်မဖြစ်ဘူး။ ဘာမှလည်း မထူးပါဘူး။ ဒီမီးကို မလုပ်ပေးနိုင် ရင်တော့ ဒီ(SME)လုပ်ငန်းတွေက တော်တော်လေးတော့ အကြပ်အတည်းဖြစ်မှာပဲ။ (SME) လုပ်ငန်းက ဒီလျှပ် စစ်မီးကိုပဲ အားကိုးပြီးလုပ်နေရတယ်။ ဒီမီးကိုပဲ ပုံမှန်မပေးနိုင်သေးဘူးပေါ့။ အဲဒီလိုပေါ့။ လျှပ်စစ်မီးက ကောင်း ကောင်းဖြစ်သွားရင် နည်းနည်းအဆင်ပြေနိုင်မှာပေါ့။ လက်ရှိ မီးမလာတော့ ဒီဇယ်တွေကလည်း ထင်သလောက် ဈေးမကျသေးဘူးလေ။ ဆီဈေးကလည်းမကျ၊ မီးကလည်းမမှန်ဘူးဆိုတော့ ဘယ် လိုမှ အဆင်မပြေ ဘူးလေ။ အဓိက လျှပ်စစ်မီးပုံမှန်ရဖို့နဲ့ စက်သုံးဆီဈေးတွေ ချပေးပြီး ဆိုင်တိုင်းပုံမှန်ဈေးဖြစ်ဖို့ လုပ်ပေးစေချင် တယ်”လို့ သူက ပြောပါတယ်။

ပြည်တွင်းမှာ စီးပွားရေးမူဝါဒတွေ၊ နိုင်ငံရေးနဲ့ပတ်သက်တဲ့ အခြေအနေတွေ တည်ငြိမ်မှုမရှိရင် စီးပွား ရေးက ကောင်းမလာနိုင်တဲ့အတွက် စစ်ခေါင်းဆောင်အနေနဲ့ တိကျတဲ့မူဝါဒနဲ့ မြေပြင်အခြေအနေကို အမှန်တကယ် နားလည်အောင်လုပ်ဆောင်ပြီး ထိရောက်တဲ့ အကူညီတွေ ပေးဖို့ အသေးစား၊ အလတ် စား စီးပွားရေး လုပ်ငန်းရှင်တွေက မျှော်လင့်နေကြပါတယ်။

ဒါပေမယ့် လက်ရှိအနေအထားဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကျဆင်းနေပြီး ကုန်ထုတ်အရင်းအနှီးတွေ ဈေးတက်တဲ့ အတွက် ကုန်ထုတ်လုပ်ငန်းရှင်တွေဟာ အခက်အခဲ ကြီးကြီးမားမားရင်ဆိုင်နေရဆဲ ဖြစ်တယ်လို့ စီးပွားရေး ပညာရှင်တစ်ဦးက ထောက်ပြပြောဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ SME လုပ်ငန်းပေါင်း သိန်းနဲ့ချီ ရှိနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် SME လုပ်ငန်းတွေဟာ စစ်တပ် အာဏာသိမ်းမှုကြောင့် လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ပင် မနည်းရုန်းကန်နေသလို တချို့လုပ်ငန်းတွေက အရှုံးပေါ်တာကြောင့် လုပ်ငန်းတွေ ပိတ်သိမ်းလာကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.