သိမ်ဇရပ်၊ နိုဝင်ဘာ (၁)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဆင်ဖြူကျောင်းအနီးမှာ ပြီးခဲ့တဲ့ အောက်တိုဘာ ၃၀ ရက်နေ့ ညက စစ်ကောင်စီ လှည့်ကင်းကား တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်မ်းကို ပြောပါတယ်။

အဲဒီနေ့ ည ၈ နာရီခွဲအချိန်လောက်က သိမ်ဇရပ်မြို့အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင် အင်အား ၂၀ လောက်ပါတဲ့ စစ်ကောင်စီလှည့်ကင်းကား ၂ စီးကို KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ လက်အောက်ခံ တပ်ပူးပေါင်းအဖွဲ့က အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီလှည့်ကင်းကား အနီးကပ် ပစ်ခတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်ကြောင်းနဲ့ အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ကားတစ်စီး ထိခိုက်ပျက်စီးခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက ပြောပါတယ်။

စစ်ကောင်စီလှည့်ကင်းကား တိုက်ခိုက်ပြီးနောက် KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ လက်အောက်ခံ တပ်ပူးပေါင်းအဖွဲ့က ထိခိုက်မှု တစ်စုံတစ်ရာ မရှိဘဲ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်နေ့ကလည်း သိမ်ဇရပ်မြို့ ဗိုလ်ချုပ်ကြေးရုပ်ထုအနီးမှာ စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ ၃ ဦးထက်မနည် ထိခိုက်သေဆုံးထားပါတယ်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ထိန်းချုပ်နယ်မြေ ကျိုက်ထိုမြို့နယ်မှာတော့ စစ်ကောင် စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက် စစ်ရေး ဆက်လက် တင်းမာနေပြီး မကြာခဏ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.