ရန်ကုန်၊ အောက်တိုဘာ (၂၇)

နိုင်ငံတဝန်းမှာ စစ်တပ် အာဏာသိမ်းတဲ့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ အခုနှစ် အောက်တို ဘာ ၁၉ ရက်နေ့အထိ လက်နက်ကိုင် ပဋိပက္ခဖြစ်စဉ်တွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည် တွင်း စစ်ပြေးဒုက္ခသည် ၁ ဒဿမ ၆ သန်းကျော် ရှိလာပြီလို့ ISP-Myanmar က အောက်တိုဘာ ၂၅ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ တိုက်ပွဲဖြစ်ပွားမှုတွေ ပိုမိုမြင့်တက်လာတာနဲ့အမျှ ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁၉ ရက်နေ့အထိ ၁၀ လတာအတွင်း ပြည်တွင်း စစ်ပြေးဒုက္ခသည် တစ်သန်းကျော် တိုးလာခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်တွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးမှု အများဆုံးဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်းမှာ ပြည်တွင်းစစ်ပြေးဒုက္ခသည် စုစုပေါင်းရဲ့ ၄၁ ရာခိုင်နှုန်းဖြစ်ပြီး အရေအတွက်မှာ ၆၈၀,၀၀၀ ကျော် ရှိခဲ့တာပါ။

စစ်ကိုင်းတိုင်းအတွင်းက စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးကတော့ အာဏာသိမ်းမှုကြောင့် တစ်ချို့ဒေသတွေမှာ စပါးစိုက်လို့ မရတဲ့အတွက် စားနပ်ရိက္ခာ ခက်ခဲနေပြီး တစ်ဦးနဲ့တစ်ဦး မျှပြီး စားသောက်နေရတဲ့ အခြေအနေရှိတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင်ခုခံတော်လှန်မှုအားကောင်းတဲ့ စစ်ကိုင်းတိုင်းဒေသမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက နေအိမ်အဆောက်အအုံ မီးရှို့ဖျက်ဆီးမှုတွေအပြင် လေကြောင်းပစ်ကူ တိုက်ခိုက်မှုတွေကိုပါ တွင်တွင်ကျယ်ကျယ် လုပ်ဆောင်လာနေတာပါ။

ဒေသခံတစ်ဦးကလည်း စစ်ရေးပဋိပက္ခတွေကြောင့် လက်ရှိအနေအထားမှာ အတော်လေးခက်ခဲနေပြီး တော်လှန်ရေးကာလ ရှည်ကြာနေရင် စစ်ဘေးရှောင်တွေအတွက် ဒီထက် ပိုမိုဆိုးရွားတဲ့ အခြေအနေရောက်ရှိလာမှာကို စိုးရိမ်နေရတယ်လို့ ပြောပါတယ်။

ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာမသိမ်းမီကတည်းက ထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်တွင်း စစ်ပြေးဒုက္ခသည် အရေအတွက်မှာ ၄၉၇,၀၀၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်အာဏာမသိမ်းမီနဲ့ အာဏာသိမ်းပြီး ကာလနှစ်ခုစလုံးအတွင်း ဘင်္ဂလားဒေ့ရှ်၊အိန္ဒိယနဲ့ ထိုင်းနိုင်ငံတို့မှာ နယ်စပ်ဖြတ်ကျော်ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်အရေအတွက်မှာလည်း တစ်သန်းကျော် ရှိလာပြီး ဖြစ်ပါတယ်။

ဒီအချက်အလက်တွေကိုဟာ လွတ်လပ်တဲ့သတင်းမီဒီယာတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေအပေါ် အခြေပြုပြီး ISP-Myanmar က လက်လှမ်းမီသလောက် စုစည်းထားတာဖြစ်တဲ့အတွက် မြေပြင်မှာ ဒီထက် များပြားနိုင်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.