လွိုင်ကော်၊ အောက်တိုဘာ (၂၆)

ကယားပြည်နယ်၊ လွိုင်ကော်မြို့ အနောက်ဘက်ခြမ်း ကုန်းသာစစ်ရှောင်စခန်းမှာ စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲတာကြောင့် စစ်ရှောင် နှစ်ဦး သေဆုံးသွားတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့ ည ၉ နာရီလောက်က အဲဒီစစ်ရှောင်စခန်းရှိ မိသားစု လေးဦး နေ ထိုင်ရာ နေအိမ်အပေါ် လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသား ဖြစ်သူ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အဲဒီနောက် ဦးခေါင်းပြင်ထန်း ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဖြစ်သူကို လွိုင်ကော်ဆေးရုံကြီးသို့ ပို့ဆောင်ကုသစဉ် ပြီးခဲ့တဲ့ အောက်တိုဘာ ၂၄ ရက်နေ့ ညနေ ၅ နာရီလောက်မှာ ထပ်မံသေဆုံးသွားခဲ့တာပါ။

လက်နက်ကြီးကျည်ထိမှန်ခဲ့တဲ့ မိသားစုဝင် လေးဦးမှာ အသက် ၈ နှစ်အရွယ်သား ဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိထားပြီး ၆လသားအရွယ် ကလေးငယ်ကတော့ ထိခိုက်ဒဏ်ရာ မရရှိထားဘူးလို့ သိရပါတယ်။

အဲဒီပစ်ခတ်မှုကို မိုးဗြဲအခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂) မှ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ညစဉ်တိုင်းလည်း အကြောင်းမဲ့ ရမ်းသမ်းပစ်ခတ်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

ကုန်းသာစစ်ဘေးရှောင်စခန်းမှာ စစ်ဘေးရှောင်လေးထောင်ဝန်းကျင်ရှိနေပြီး စစ်ကောင်စီအခြေစိုက် မိုးဗြဲတပ်ရင်း ၄၂၂ တပ်နဲ့ ၁၀မိုင်ဝန်းကျင်ကွာဝေးတယ်လို့ သိရပါတယ်။

ကယားပြည်နယ်မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန် သေဆုံးတာကြောင့် စစ်ရှောင်ပြည်သူ ၃ ဦးထက်မနည်း သေဆုံးထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.