ဝါရှင်တန် – အောက်တိုဘာ(၂၁) 

တရုတ်နိုင်ငံကို ဟန့်တားဖို့နဲ့ လက်နက်လွှဲပြောင်းမှု အရှိန်မြှင့်နိုင်မယ့် ပဏမခြေလှမ်းအဖြစ် ထိုင်ဝမ်နဲ့ လက်နက်ပူးပေါင်းထုတ်လုပ်မယ့်အစီအစဉ်ကို အမေရိကန်အစိုးရက စဉ်းစားနေတယ် လို့ စီးပွားရေးဆိုင်ရာစည်းရုံးရေးမှူးဖြစ်ဦးက ပြောခဲ့ပါတယ်။ 

ထိုင်ဝမ်ကို တရုတ်က သူတို့ရဲ့ပိုင်နက်နယ်မြေအဖြစ်ဆိုကာ စစ်ရေးအရဖိအားပေးတာတွေလုပ် ဆောင်နေတဲ့အတွက် ထိုင်ဝမ်ကို လက်နက်ရောင်းချမှုအဖြစ် အမေရိကန်ဒေါ်လာ ဘီလျံ(၂၀) ကျော်ကို ၂၀၁၇ ခုနှစ်တည်းက အမေရိကန်သမ္မတတွေက အတည်ပြုခဲ့ကြတာပါ။ 

ဒါပေမယ့် ယူကရိန်းစစ်ပွဲကြောင့် တချို့သောစနစ်တွေအတွက် လိုအပ်ချက်တွေ များလာတာနဲ့ ပတ်သက်ပြီး ထောက်ပံ့ရေးကွင်းဆက်အခက်အခဲတွေနဲ့ နောက်ကျကျန်ခဲ့မှုတွေကို ထိုင်ဝမ်နဲ့ အမေရိကန် ကွန်ဂရက်လွှတ်တော်တွေက သတိပေးထားပါတယ်။ 

“လုပ်ငန်းအစီအစဉ်တွေ စတင်မယ်ဆိုတာ မှန်ပါတယ်၊ အဖွဲ့ဝင်များအဖြစ် အမေရိကန် ကာကွယ်ရေး ကန်ထရိုက်များကို ထည့်သွင်းရေတွက်မှာဖြစ်ကြောင်း” လို့  အမေရိကန်-တိုင်ပေ စီးပွားရေးကောင်စီ ဥက္ကဋ္ဌ ရူပါ့ဟမ်မန့်ချမ်ဘာစ်က အစီအစဉ်နဲ့ပတ်သက်ပြီးပြောခဲ့ပါတယ်။  

ဒါ့အပြင် ထိုင်ဝမ်ကို လက်နက်ခဲယမ်းတွေနဲ့ တာရှည်ခံဒုံးကျည်နည်းပညာတွေပေးအပ်ဖို့ အာရုံ စိုက်ထားပေမယ့် ဘယ်လက်နက်တွေပေးမယ်ဆိုတာကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ သိရပြီး ဒီလှုပ်ရှားမှုဟာ နိုင်ငံတော်နဲ့ ကာကွယ်ရေးဌာနတွေဆီက ပူးတွဲထုတ်လုပ်ခွင့်လိုင်စင်တွေရရှိဖို့ လက်နက်ထုတ်လုပ်သူတွေ လိုအပ်မှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်မှာ လက်နက်တွေထုတ်လုပ်ဖို့ နည်းပညာတွေ ပံ့ပိုးပေးတာဒါမှမဟုတ် ထိုင်ဝမ်ရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုပြီး အမေရိကန်မှာ လက်နက်ထုတ်လုပ်တာလည်း ပါဝင်မှာဖြစ်တယ်လို့ နီကီအေးရှားသတင်းဌာနက ဖော်ပြထားပါတယ်။ 

“နိုင်ငံခြားစစ်ဘက်ဆိုင်ရာရောင်းချမှုနှင့် တိုက်ရိုက်ကုန်သွယ်ရောင်းချမှုမှတစ်ဆင့် ထိုင်ဝမ်၏ ကာကွယ်ရေးလက်နက်များ အမေရိကန်မှ လျင်မြန်စွာ ပံ့ပိုးပေးမှုသည် ထိုင်ဝမ်၏လုံခြုံရေး အတွက် မရှိမဖြစ်လိုအပ်ပြီး ထိုပန်းတိုင်ကို ပံ့ပိုးပေးရန်အတွက် ပူးတွဲထုတ်လုပ်မှုတွေနဲ့ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း” လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရ ပုဂ္ဂိုလ်ကပြောခဲ့ပါတယ်။ 

ဒါ့အပြင် ထိုင်ဝမ်ကိုခုခံရေးစွမ်းရည်တွေ လျင်မြန်စွာလွှဲပြောင်းပေးရေး သေချာစေဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ရွေးချယ်စရာတွေအားလုံးကို ရှာဖွေနေတယ်လို့ သူက ပြောပါ သေးတယ်။ 

တရုတ်အစိုးရကတော့ ထိုင်ဝမ်နဲ့ ပြန်လည်ပေါင်းစည်းရေးကို ပိုမိုမြန်ဆန်တဲ့ ကာလပိုင်းခြားနဲ့ စည်းရုံးဖို့ လုပ်ဆောင်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်က စတန်းဖိုဒ့်တက္ကသိုလ်ဖိုရမ်မှာ ပြောဆိုထားပါတယ်။ 

ထိုင်ဝမ်ကို အင်အားသုံးမယ့်အစီအစဉ်ကို တရုတ်က ဘယ်တော့မှ စွန့်လွှတ်မှာမဟုတ်ဘူးလို့ တရုတ်ခေါင်းဆောင် ရှီကျင်းဖျင်က ပြောထားပြီး ငြိမ်းချမ်းတဲ့ ဆုံးဖြတ်ချက်တစ်ခု အတွက် ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောခဲ့တာပါ။ 

အမေရိကန် တာဝန်ရှိသူတွေကတော့ ထိုင်ဝမ်စစ်တပ်ကို ခေတ်မီအောင်လုပ်ဆောင်ဖို့ တွန်းအား ပေးနေပြီး ဒီအစီအစဉ်ဟာ တရုတ်အတွက်တိုက်ခိုက်ဖို့ ခက်ခဲတဲ့ အခြေအနေဖြစ်လာမှာ ဖြစ်တယ်လို့ ဆိုထားကြပါတယ်။ 

ထိုင်ဝမ်ကတော့ သူတို့ရဲ့ အချုပ်အခြာအာဏာကို စွန့်လွှတ်မှာမဟုတ်သလို လွတ်လပ်မှုနဲ့ ဒီမိုကရေစီအပေါ်မှာ အလျှော့အတင်းလုပ်မှာမဟုတ်ဘူးလို့ ပြောထားပေမယ့် စစ်မြေပြင်မှာ ထိပ်တိုက်တွေ့ဆုံတာဟာ ရွေးချယ်စရာမဟုတ်ဘူးလို့ ထိုင်ဝမ်သမ္မတရုံးက ပြောပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.