ဝါရှင်တန်၊ အောက်တိုဘာ (၁၅)
အာရှ ဗဟိုဘဏ် အများစုဟာ ကုန်ပစ္စည်းဈေးနှုန်းတွေ မြင့်တက်ခြင်းနဲ့ ငွေကြေးတန်ဖိုးတွေ ကျဆင်းနေတာကြောင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ မူဝါဒတွေကို ပိုမိုတင်းကျပ်ရမယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေ အဖွဲ့က ပြောပါတယ်။
တရုတ်နဲ့ ဂျပန်တို့ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာမှုကတော့ ချွင်းချက်တစ်ခု ဖြစ်ပေမယ့်လည်း စီးပွားရေးအားလျော့မှု ကတော့ အနည်းငယ်ကျန်ရှိနေသေးတယ်လို့ဆိုပါတယ်။ လတ်တလောမှာလည်း ဒီနိုင်ငံတွေဟာ ငွေကြေးဖောင်းပွမှု ထင်ရှားစွာမြင့်တက်လာခြင်း မရှိဘူးလို့ IMF ရဲ့ အာရှနဲ့ ပစိဖိတ်ရေးရာဌာန ညွှန်ကြားရေးမှူး ခရစ်နာ က ပြောပါတယ်။
အမေရိကန်ရဲ့ ငွေကြေးတင်းကျပ်မှုကတဆင့် အတိုးနှုန်းကွာခြားမှုတွေကို ကျယ်ပြန့်လာစေပြီး နိုင်ငံတွေမှာ သွင်းကုန် ကုန်ကျစရိတ်တွေ မြင့်တက်လာတာကြောင့် အာရှငွေကြေးအများအပြားဟာ သိသိသာသာ ကျဆင်းသွားတယ်လို့ သူက ဆိုပါတယ်။
ဒါကြောင့် သူက နှစ်ကုန်ပိုင်းမှာ မြင့်တက်လာနိုင်တဲ့ ငွေကြေးဖောင်းပွမှုနဲ့ ပတ်သက်ပြီး အာရှနိုင်ငံတွေရဲ့ ငွေကြေးမူဝါဒတွေကို တင်းကျပ်သင့်တယ်လို့ ပြောခဲ့တာပါ။
ကြီးမားတဲ့ ငွေကြေးတန်ဖိုး ကျဆင်းမှုနဲ့ အတိုးနှုန်းတွေ မြင့်တက်လာခြင်းဟာ ကြွေးမြီးများတဲ့ အာရှနိုင်ငံတွေမှာ ငွေကြေးဆိုင်ရာ ဖိစီးမှုကို ဖြစ်စေနိုင်တယ်လို့ ဆီရီနီဗာဆန် က သတိပေးထားတာ ဖြစ်ပါတယ်။
“အာရှဟာ အခုချိန်မှာ အကြီးမားဆုံး အကြွေးပေးရသူဖြစ် လာချိန်မှာ အခြားတစ်ဖက်က ငွေရှင်တွေဖြစ်တဲ့ နိုင်ငံအတော် များများကလည်း အကြွေးပြန်ရဖို့ အပူများရတဲ့ စိုးရိမ်ချက်က အမြင့်ဆုံး ဖြစ်နေတာပါ”လို့ သူက ဆိုပါတယ်။
အာရှရဲ့ ကြွေးမြီးအများစုဟာ တရုတ်နိုင်ငံအပေါ်မှာသာ တင်နေတာ ဖြစ်တယ်လို့ IMF ရဲ့ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ပြောကြားခဲ့တာပါ။
Ref: Reuters