ဝါရှင်တန်၊ အောက်တိုဘာ (၁၅)

ရုရှား လေကြောင်းရန် ကာကွယ်ဖို့ နေတိုးအဖွဲ့ရဲ့ ခေတ်မီကိရိယာတွေ သုံးပြီး ယူကရိန်း အတွက် လေကြောင်း ကာကွယ်ရေး စနစ် အလျင်အမြန်တည်ဆောက်ပေးဖို့ အမေရိကန်က အပူတပြင်း ဖိအားပေးလိုက်ပါတယ်။

အခုသီတင်းပတ်အတွင်း ရုရှားရဲ့ ယူကရိန်းကို ဦးတည်ပစ်ခတ်တဲ့ ဒုံးကျည်တွေကြောင့် ယူကရိန်းနိုင်ငံတစ်ဝှမ်းရှိ စွမ်းအင်ဆိုင် ရာ အဆောက်အအုံတွေကို ပျက်စီးခဲ့ရပြီး အနည်းဆုံး လူ၂၀ သေဆုံးခဲ့ရတာပါ။

ဒီဖြစ်ရပ်တွေကို ရည်ညွှန်းပြီး အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က “မနေ့က (ယူကရိန်း) ခေါင်းဆောင်ပိုင်း တွေအကြား ဆွေးနွေးချက်အရ ဒီအချိန် အလိုအပ်ဆုံးက လေကြောင်းရန်ကာကွယ်ရေး စွမ်းရည်ပဲ” လို့ အောက်တိုဘာ ၁၄ ရက် က ပြောကြားခဲ့ပါတယ်။

ရုရှားရဲ့ အမျိုးမျိုးသော ခြိမ်းခြောက်မှုတွေက ကာကွယ်ဖို့ ယူကရိန်းမှာ ဝေဟင်အမြင့်ပေ အတိုင်းအတာတွေနဲ့ လေကြောင်းရန် ကာကွယ်ရေးကို စနစ်တကျ တည်ဆောက်ဖို့ လိုအပ်နေတယ်လို့ အမေရိကန် ထိပ်တန်း စစ်ဘက်အရာရှိ ဗိုလ်ချုပ်ကြီး မာ့ခ်မီ လီက ပြောပါတယ်။

“အဲ့ဒီကာကွယ်တဲ့ စနစ်ထဲမှာတော့ တာတို၊ အနိမ့်အမြင့်စနစ်၊ ပြီးတော့ အလယ်အလတ်တန်း၊ အမြင့်ပေ၊ ပြီးတော့ တာဝေးနဲ့ အမြင့်ပေစနစ်တွေ ပါရမှာပါ” လို့ မီလီ က ဆိုပါတယ်။

အဲဒီစနစ် အဆင့်သုံးဆင့်ဟာ ယူကရိန်းရဲ့ အဓိက မြို့ကြီးတွေနဲ့ အခြေခံအဆောက်အအုံတွေကို ရုရှားပဲ့ထိန်း ဒုံးကျည်တွေနဲ့ ခရုဇ်ဒုံးကျည်တွေ အပါအဝင် မောင်းသူမဲ့ လေယာဉ်တွေရဲ့ ဘေးအန္တရာယ်ကနေ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

“အဲဒါက ယူကရိန်းလေပိုင်နက်အားလုံးကို ထိန်းချုပ်တာမဟုတ်ဘူး၊ ဒါပေမယ့် ယူကရိန်းက ကာကွယ်ဖို့ လိုအပ်တဲ့ ဦးစားပေးပစ်မှတ်တွေကို ထိန်းချုပ်ဖို့ ဒီဇိုင်းထုတ်ထားပါတယ်” ဟု ဗိုလ်ချုပ်ကြီး မီလီ က ဖြည့်စွက်ပြောကြားခဲ့တာပါ။ 

ဝါရှင်တန်ဟာ ယူကရိန်းကို တာတိုမှ တာလတ်ပစ်၊ အလယ်အလတ် အမြင့်ပေထိ ပစ်ခတ်နိုင်သော  နာဆမ် (NASAMS) လေကြောင်းကာကွယ်ရေးစနစ်ကို ပေးအပ်ဖို့ ကတိပြုထားပြီး ပထမနှစ်စင်း မကြာမီ ရောက်ရှိလာမှာဖြစ်ပါတယ်။

နာဆမ် (NASAMS) လေကြောင်ကာကွယ်ရေးစနစ်ဟာ မြေပြင်အခြေစိုက်စနစ်တစ်မျိုး ဖြစ်ပြီး ဝေဟင်က တာတို တာလတ်အထိ ပျံသန်းလာတဲ့ မောင်းသူမဲ့လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ၊ ပဲထိန်းဒုံးကျည်တွေနဲ့ မောင်းသူမဲ့ တိုက်ခိုက်ရေး လေယာဉ်တွေကို ကာကွယ်ပစ်ခတ်နိုင်တဲ့ စနစ်ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.