ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁)၊ သထုံခရိုင်ထဲမှာ တော်လှန်ရေးအင်အားစု ၂၆ ဖွဲ့ပေါင်းစည်းပြီး မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစုကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့မှာ ဖွဲ့စည်းတည်ထောင်ခဲ့ပါတယ်။

ဒါကြောင့် မိတ်ဖက် တော် လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းရတဲ့ အကြောင်း၊ KNU သထုံခရိုင်ထဲ နှစ်ဖက် စစ်ရေး အခြေအနေနဲ့ လတ်တလောမှာ စစ်ကောင်စီ ဘက်က ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်လာတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး KNU သထုံခရိုင်မိတ်ဖက်ရေးရာ ကြီးကြပ် ကွပ်ကဲမှု ကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်ကို ဆက်သွယ်မေးမြန်းထားပါတယ်။

-မိတ်ဖက်တော်လှန်ရေးတပ်ပေါင်းစု ဖွဲ့စည်းရတဲ့ အခြေအနေနဲ့ ဆက်လက် ဖော်ဆောင်သွားမယ့် လုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။

တပ်ပေါင်းစုကအစတည်းက ဖွဲ့ထားပြီးသားပဲ။ အခုမှကျွန်တော်တို့ထုတ်ပြန်တာ မဟုတ်ဘူး။ အစတုန်းကဆို မိတ်ဖက်ကြီးကြပ် ကွပ်ကဲ ရေးကော်မတီဆိုပြီး ကျနော်တို့ဖွဲ့တယ်လေ။ အဲဒီ မိတ်ဖက်အဖွဲ့အစည်းကနေ ပြန်စုပြီး ကျွန်တော်တို့ သူတို့တွေကို မှတ်ပုံတင်ပေးလိုက်တယ်။ သဘောကတော့ အသိအမှတ် ပြုပေးလိုက်တာပေါ့နော်။

ကျွန်တော်တို့နယ်မြေထဲမှာ ပြန့်ကြဲနေတဲ့ တော်လှန်ရေးအစုအဖွဲ့တွေက အစကတော့ ကျနော်တို့ကတပ်ပေါင်းစု အသွင်ပဲ။ အခု တော့ ပိုပြီးကျစ်လစ်ခိုင်မာအောင် စည်းကမ်းတကျ ရှေ့ဆောင်မှုအောက်မှာ တိုက်ပွဲဝင်မှု ဆိုပြီးတော့ ကျနော်တို့တွေ သူတို့ကို မှတ်ပုံတင်အသိအမှတ် ပြုပေးလိုက်တယ်လေ။ ဒီအဖွဲ့တွေအားလုံးကို ၁၆ဖွဲ့လား၊ အဲဒီ အဖွဲ့တွေအားလုံးကို ကျနော်တို့ စုစည်း ပြီးတော့ စည်းစနစ်စည်းကမ်း တခုရဲ့အောက်မှာ တိုက်ပွဲဝင်ကြဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တပ်ပေါင်းစုဆိုပြီးတော့ပေါ့။ အမှန်ကတပ် ပေါင်းစုကရှိပြီးသားပါ။ စည်းစနစ် မကျသေးတော့ စည်းစနစ်ကျတဲ့ တပ်ပေါင်းစု အသွင်နဲ့သွားဖို့၊ အဲဒီလိုမျိုး ကျွန်တော်တို့ တို့ဖွဲ့ထားတာ။

-လက်ရှိမှာရော KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံခရိုင်ထဲမှာ နှစ်ဖက် စစ်ရေး အခြေအနေ ဘယ်လိုတွေ ဆက်ရှိနေလဲ။

ဒါကတော့ ရန်ကုန်-မော်လမြိုင်ကားလမ်းမှာဆို ထိတွေ့မှုကနေ့စဉ်ပဲရှိနေတယ်။ သူတို့တွေအင်အားတွေ ထပ်ဖြည့်လာတယ်။ လက်နက်ကြီးတွေ တပ်ဆင်လာတယ်။ လက်နက်ကြီးတွေ၊ အမြှောက်တပ်တွေ၊ တင့်ကားတွေ သူတို့ဖြည့်လာတာတော့ ရှိတာပေါ့။ အခု သူတို့အနေနဲ့ကလည်း ထိုးစစ်ဆင်ဖို့အင်အားကလည်း ရှိတဲ့အင်အားနဲ့ တန်ပြန်ဖို့။ နှစ်ဖက်အဖွဲ့တွေကတော့ နေ့စဉ်နီးပါး တိုက်ပွဲတွေ ဖြစ်နေတာပဲ။

-စစ်ကောင်စီဘက်က အခုလို တပ်အင်အားတိုးချဲ့တာနဲ့ စခန်းပြုပြင်တာ ပိုမို လုပ်ဆောင်လာတယ်ဆိုတော့ ထိုးစစ်ဆင်ဖို့ ပြင်နေတာလား။ ဒီအပေါ်မှာ ဘယ်လို သုံးသပ်ပါသလဲ။

ကျွန်တော် ထင်တာတော့ သူတို့တွေလည်း ခံစစ်အပိုင်းပဲလို့ ကျနော်ထင်တယ်။ ထိုးစစ်ဆင်ဖို့ အင်အားကလည်း သူတို့မှာမရှိဘူး။ ခံစစ်အပိုင်းမှာတော့ လက်နက်ကြီးတွေ ကျနေတယ်။ ကျွန်တော်တို့ကနေ တိုက်ပွဲဖြစ်မယ်ဆိုရင် လက်နက်ကြီးနဲ့လှမ်းထုမယ်။ ခံစစ်အနေနဲ့ ပြင်ဆင်ထားတာတော့ရှိတယ်။  နေရာတိုင်းမှာပဲထိုးစစ်ဆင်လို့ မရနိုင်အောင် ခံစစ်တွေလုပ်ထားတာပဲလို့ ကျွန်တော် ယူဆတယ်။

-နောက်ဆုံးအနေနဲ့ KNU သထုံခရိုင်ထဲမှာ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပြည်သူတွေကို ဘာတွေများ တိုက်တွန်းချင်တာ ရှိမလဲ။

မြို့နယ်တိုင်းပါပဲ။ အသေးစိတ်ကတော့ စာရင်းဇယားတော့ မရသေးဘူး။ ဒီဘက်ပိုင်း ဘီလင်းဘက်မှာဆိုရင် လက်နက်ကြီးတွေ သူတို့ရှေ့တန်း တပ်စခန်းမှာလည်း အားလုံးချထားတယ်။ နောက်ပြီးတော့ သထုံဘက်မှာလည်း ဒီလိုပဲ။ ရှေ့တန်းတပ်စခန်းတွေ အပေါ်မှာ အကုန်လုံးလက်နက်ကြီးတွေ တပ်ဆင်ထားတာတွေ့တယ်။ ကျိုက်ထိုဘက်မှာလည်း အဲဒီအတိုင်းပဲ ။ မြို့နယ်တိုင်းမှာ အထိုင်ချ တပ်စခန်းကနေပြီးတော့ လက်နက်ကြီးတွေကတော့ သူတို့စီစဉ်ထားတာပေါ့။ ကျွန်တော်တို့ကနေ သူတို့ ကိုသွားပြီး တော့ တိုက်ခိုက်မယ်ဆိုရင် လက်နက်ကြီးနဲ့ တန်ပြန်ပစ်မှာပေါ့နော်။ အဲဒီလိုမျိုး ယူဆလို့ရတယ်လေ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.