မော်လမြိုင်၊ အောက်တိုဘာ (၁၁)

မွန်ပြည်နယ်အထွက် ပဲခူးတိုင်းအဝင် ညောင်ခါးရှည်ရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ အာ ဏာသိမ်း စစ်ကောင်စီက X-Ray စက်နဲ့ စစ်ဆေးနေတာကြောင့် ၁ ရက်ခရီးကို ၂ ရက်သွားရတဲ့ထိ အခက်ကြုံနေရတယ်လို့ ခရီးသွားပြည်သူတွေနဲ့ ယာဉ်မောင်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီ လက်အောက်ခံ တပ်ဖွဲ့ဝင်တွေက လုံခြုံရေး အကြောင်းပြချက်နဲ့ X-Ray စက်တပ်ဆင်ပြီး စစ်ဆေးတဲ့နေရာမှာ မော်တော်ယာဉ်တွေကို တန်းစီခိုင်ပြီး အချိန်ကြာမြင့်စွာ စစ်ဆေးနေတဲ့အတွက် ခရီးသွားလာမှုတွေမှာ မလိုလားအပ်တဲ့ ကြန့်ကြာမှုတွေ ဖြစ်ပေါ်နေရတာပါ။

X-Ray စက်နဲ့ စစ်ဆေးတဲ့ နေရာမှာ အိမ်စီးကားတွေရော ကုန်တင်ကားကြီး တွေကိုပါ တန်းစီပြီး စစ်ဆေးနေတာ ဖြစ်တဲ့ အတွက် မနက်ပိုင်း တန်းစီရင် ညနေပိုင်းလောက်မှ စစ်ဆေးပြီးတာကြောင့် ၁ ရက်ခရီးကို ၂ ရက်သွားရတယ်လို့ ယာဉ်မောင်း တစ်ဦးက ပြောပါတယ်။

“ကားတွေကတော့ အကုန်လုံး ကားသေးရော ကားကြီးရော တားပြီးတော့ စစ်နေတော့လေ၊ ဘယ် လောက် လောက် ကြာတုန်းဆိုရင် မနက်(၈)နာရီက တန်းရင် ညနေ (၂)နာရီလောက်မှ တစ်မနက်လောက် ကြာတာပေါ့၊ ရန်ကုန်ဆိုရင် ကျွန်တော်တို့က ဒီကနေ ထွက်သွားရင် အိမ်စီးကားဆို ခဏ ရောက်တာလေ၊ အခုဟာ ဆိုလို့ရှိရင် မရောက်တော့ဘူး၊ အိမ်စီးကားဆိုရင် ရန်ကုန်တောင် မနည်းမောင်းနေရတာ ကားကြီးတွေ ဆိုရင် နောက်ရက်မှ ရောက်တာ၊ တစ်ရက်နဲ့ ရောက်မယ့် ခရီးဟာ (၂)ရက်ပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် X-Ray စက်နဲ့ စစ်ဆေးဖို့ အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင် နေရတဲ့ အပြင် စစ်ဆေးပြီးလို့ ညအချိန် ရောက်သွားရင်လည်း စစ်ကောင်စီရဲ့ ညမထွက်ရ အမိန့်တွေကြောင့် ခရီးဆက် သွားလို့ မရတဲ့အတွက် နီးစပ်ရာ နေရာတွေနဲ့ လမ်းတွေပေါ်မှာ ညအိပ် ရပ်နား ရတာတွေ ရှိတယ်လို့ သိရပါတယ်။

အခုလို စစ်ကောင်စီက လုံခြုံရေးကို အကြောင်းပြပြီး အချိန်ကြာမြင့်စွာ စစ်ဆေးနေတာကြောင့် ခရီး သွားရာမှာ နှောက်နှေး ကြန့်ကြာမှုတွေနဲ့ ကြုံတွေ့ နေရသလို ကားကျော်တက်လို့ ရှိရင်လည်း ဒဏ်ကြေး ဆိုပြီး ငွေ(၅)သောင်းကို ချလန် မဖြတ်ဘဲ တောင်းယူနေတာကြောင့် မေးခွန်ထုတ်စရာ ဖြစ်နေရတယ်လို့ ခရီးသွားပြည်သူ တစ်ဦးက ပြောပါတယ်။

“အများဆုံး ကျွန်တော်တို့ ကြုံတွေ့ရမယ့် ပြသနာက ခရီးသွား ကုန်စည် ပို့ဆောင်ရေး ပြသနာတွေမှာ အများဆုံး တွေ့ရမယ့် ပြသနာဘဲဗျာ၊ ဘာကြောင့်လည်း ဆိုတော့ ဒီကုန်ကားတွေက ကျွန်တော်တို့ ကားလေးတွေလို့ ပေးမတက်တဲ့ အခါကျတော့ သူက လိုက်စီရတဲ့ အခါကျတော့ ကုန်စည်းပို့ဆောင်ရေးမှာ နှောက်နှေးမှုတွေ ဖြစ်လာနိုင်တဲ့ ပြသနာတော့ ကြုံတွေ့ လာနိုင်တယ်၊ ခရီးသွား ပို့ဆောင်တဲ့ ဟာလည်း ကြုံတွေ့ရတယ်၊ နောက်တစ်ခုက ကျွန်တော်တို့က ဘာမြင်ရလည်း ဆိုတော့ ဒီကားကျော်တက်တယ် ဆလွန်းကားတွေ ကျော်တက်တယ် ပေါ့နော် တချို့ကတော့ စိတ်မရှည်လို့ ကျော်တက်ကြတယ်၊ ကျော်တက်တဲ့ နေရာမှာ ဖမ်းဆီးတယ်၊ ဖမ်းဆီးတာကိုတော့ ကျွန်တော်တို့က လက်ခံတယ်၊ ဖမ်းဆီးတဲ့ အပေါ်မှာလည်း ကျွန်တော်တို့က တရားဝင် ချလန် ဖြတ်ပြီး ဖမ်းဆီးတဲ့ စနစ်ကို လုပ်စေချင်တယ်၊ အခုက အဲ့ဒီမှာပေး အဲ့ဒီမှာ ပိုက်ဆံ (၅)သောင်း ဆောင်လိုက် ဝှီတက် ပြန်ယူလိုက် စနစ်တွေ ဆိုတဲ့ အတွက် မေးခွန်း ထုတ်စရာ ဖြစ်လာနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်၊ အဲ့တာ တစ်ခုက ရုပ်ပေါက်တယ် အဲ့ဒီနားမှာ”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီရဲ့ X-Ray စက်ကြောင့် ခရီးသွားလာတဲ့ အခါနဲ့ ကုန်စည် ပို့ဆောင်တဲ့ နေရာမှာ သတ်မှတ် အချိန်အတွင်း ရောက်ရှိခြင်း မရှိဘဲ အချိန်ကြန့်ကြာမှုတွေ ဖြစ်ပေါ် နေရတာကြောင့် အရင်လို ခရီး မတွင်ကျယ်တော့ သလို မဖြစ်မနေ အလုပ်ကိစ္စ ရှိမှသာ သွားလာမှုရှိတော့ တယ်လို့ ခရီးသွားပြည်သူ တစ်ဦးက ပြောပါတယ်။

ဒါ့အပြင် X-Ray စက်နဲ့ စစ်ဆေးတဲ့ နေရာမှာ မော်တော်ယာဉ်တွေ များပြီး ယာဉ်လမ်း ပိတ်ဆို့မှုတွေ ရှိတာကြောင့် အရေးပေါ် လူနာ ပို့ဆောင်တဲ့ အခါတွေမှာ စောင့်ဆိုင်း ရတာတွေ ရှိတဲ့ အတွက် လူနာတွေရဲ့ အသက် အန္တရာယ် စိုးရိမ်မှုတွေပါ ဖြစ်ပေါ် နေရတယ်လို့ ပရဟိတ အဖွဲ့တွေကလည်း ဆိုကြပါတယ်။

စစ်ကောင်စီရဲ့ X-Ray စက် တပ်ဆင်ထားတဲ့ နေရာဟာ မွန်၊ ကရင်နဲ့ တနင်္သာရီ ဒေသတွေက ထွက်ရှိတဲ့ ကုန်ပစ္စည်းတွေကို အဓိက တင်ပို့တဲ့ လမ်းကြောင်းမှာ တည်ရှိနေတာကြောင့် အခုလို ကြန့်ကြာမှုတွေ ရှိတဲ့ အတွက် အရင်လို ကုန်စည် စီးဆင်နိုင်မှုတွေ မရှိတော့ဘဲ အခက်အခဲနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.