ရန်ကုန်၊ အောက်တိုဘာ (၁၁)
နိုင်ငံရေးလမ်းစဉ်မှာ သက်ဆိုင်သူ အားလုံးပါဝင်တဲ့ လူထုဆန္ဒနဲ့ ထင်ဟပ်တဲ့ လမ်းပြမြေပုံတစ်ခု အကောင်ထည်ဖော်နေပြီး ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရရဲ့“ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့် သုံးသပ်ချက်နဲ့ ရှေ့လုပ်ငန်းစဉ်များအား ပြည်သူသို့ အစီရင်ခံ တင်ပြခြင်း”ခေါင်းစဉ်နဲ့ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။
ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေရေးဆွဲဖို့ ကော်မတီဖွဲ့စည်း ဆောင်ရွက်နေပြီး တော်လှန်ရေးအောင်မြင်ပြီးချိန် အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံတော်ကို စီမံခန့်ခွဲဖို့ ဆောင်ရွက်နေသလို ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပြင်ဆင်ပြီးလို့ လို့ ဦးကျော်ဇော်က ဆိုပါတယ်။
အဲဒီလုပ်ငန်းစဉ်တွေမှာ အချိန်အတိုင်းအတာတစ်ခုအထိ တိုးတက်မှု ရရှိနေသလို မူဝါဒပိုင်းဆိုင်ရာမှာ တစ်ညီတစ်ညွတ်တည်းရှိနေပြီး ဘယ်လိုရေးဆွဲသွားဖို့ ရှိမလဲဆိုတာ ညှိနှိုင်းဆွေးနွေးနေတဲ့ အနေအ ထားမှာ ရှိပါတယ်လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားလူမျိုးစုတွေ အားလုံး ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ရပြီး(Self Determination) အားလုံးအတူ ညီတူညီမျှ (Equality) ရှိရမယ်ဆိုတဲ့ တရားမျှတမှုကို အခြေခံတဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အားလုံးပါဝင်ရေးကို ဆောင်ရွက်နေကြပြီး NUG ကလည်း ဒီလုပ်ငန်းစဉ်မှာ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက အတိုက်အခံအဖွဲ့အစည်းဖြစ်တဲ့ NUG အနေနဲ့ တိုင်းရင်းသားဒေသတွေကို အားထားနေရတဲ့အတွက် တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ အကြိုက်တွေ့နိုင်မယ့် ပေါ်လစီတွေကို ချမှတ်နေတဲ့ သဘောမျိုး ဖြစ်တယ်လို့ ပြောပါတယ်။
“ပေါ်လစီ (မူဝါဒ) တွေကို ထုတ်ရောင်းတဲ့ သဘောပေါ့။ဒါကို သဘောကျတဲ့ အဖွဲ့အစည်းတွေ လူမျိုးတွေ ရှိရင် ဝယ်ပေါ့။ဝယ်ပြီး အင်အားတည်ဆောက်မယ်။အဲဒါက လုပ်ရိုးလုပ်စဉ်ပဲလေ။နောက်တစ်ချိန်တည်းမှာပဲ အတိုက်အခံ (NUG) လုပ်နေတဲ့ အဖွဲ့အစည်းက သူ့ရဲ့ အားထားမှီခိုရာက တိုင်းရင်းသား ဒေသဖြစ်နေတယ်။တိုင်းရင်းသားအဖွဲ့အစည်းတွေမှာ မှီခိုနေတော့ လောလောဆယ် အဲဒီတိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ သည်းခြေကြိုက်တဲ့ ပေါ်လစီတွေကို ရေးဆွဲချမှတ်ပေးတယ်ဆိုတဲ့ သဘောမျိုးတွေ့ရတာပေါ့၊ ကတိကဝတ်တွေ ပေးနေတာမျိုး တွေ့ရတယ်။အဲဒီလို ပေးခြင်းအားဖြင့် ရပ်တည်မှီခိုနေတဲ့ ဒေသက တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုမြှင့်တင်နိုင်တဲ့ သဘောရှိတာပေါ့” လို့ သူက မှတ်ချက်ပြုပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ လက်ရှိမှာ တော်လှန်ရေးအစဉ်အလာကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်း ရှစ်ခုနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်နေပြီး နွေဦးတော်လှန်ရေးမှာ အတူတကွ တိုက်ပွဲဝင်နေကြတယ်လို့ ဆိုထားပါတယ်။
လက်ရှိမှာ စစ်ကောင်စီတပ်ဟာ NUG ကာကွယ်ရေးတပ်တွေအပြင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်တော် (AA) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တိုက်ပွားတွေ ဖြစ်ပွားနေတာပါ။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ လက်ရှိအခြေအနေမှာ စစ်ကောင်စီနဲ့ NUG တို့ဟာ တိုင်းရင်းသားတွေလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးမှာ နှုတ်ကတိတွေသာ ပေးနိုင်ကြတဲ့အတွက် အဆုံးသတ်တိုက်ပွဲပြီးမှသာ လက်တွေ့ အကောင်အထည်ဖော်နိုင်မယ်လို့ ပြောပါတယ်။
“NUG ကနေ ဦးဆောင်ပြီး မင်းအောင်လှိုင်ကြိုးပမ်းနေတဲ့ ရွေးကောက်ပွဲကို ဖျက်သိမ်းတဲ့ လုပ်ငန်းအစီအစဉ်တွေ မုချ ပါပါလိမ့်မယ်။အဲဒီတော့ အခုလောလောဆယ်မှာ အင်းအာစုနှစ်ခုစလုံးက လေပေးလေယူ အာမခံချက်တွေ ပေးနေတာဖြစ်ပြီး အဆုံအဖြတ်ကတော့ ၂၀၂၃ ခုနှစ် နွေဦးတော်လှန်ရေး အောင်ပွဲခံမလား ဒါမှမဟုတ် စစ်ကောင်စီပဲ ရပ်တည်နိုင်မလားဆိုတဲ့ အခြေအနေပေါ် မူတည်တယ်လို့ မြင်ပါတယ်။အဲဒီတိုက်ပွဲအလွန်ကျတော့မှ ဖက်ဒရယ်ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ အခြေခံမူတွေကို လက်တွေ့ ချမှတ်အကောင်အထည်ဖော်ရမှာ ဖြစ်တယ်လို့ သုံးသပ်ပါတယ်” လို့ သူက ဆိုပါတယ်။
တစ်ဖက်မှာလည်း စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဒုတိယအကြိမ် ခေါ်ယူတွေ့ဆုံခဲ့ကြတာလည်း ရှိနေပြီး တိုင်းရင်းသားတွေကို ဖက်ဒရယ်အခွင့်အရေးတွေ ပေးအပ်ရာမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖက်ဒရယ်အခွင့်အရေးတွေကိုသာ ပေးအပ်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောဆိုထားတာပါ။
ဒါ့အပြင် စစ်ကောင်စီဟာ “ ဝ” ပြည်နယ်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ မူအားဖြင့် သဘောတူညီမှု ပေးထားတာ ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကတော့ “ဝ” ပြည်နယ်နဲ့ မိုင်းလားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ဖို့ စစ်ကောင်စီဘက်က မူအားဖြင့် သဘောတူညီတာဟာ တရားမဝင်သလို NUG အနေနဲ့ ဒေသတစ်ခုက နယ်မြေကို ပြည်နယ်တစ်ခုခုမှာ ထည့်ဖို့ ဆုံးဖြတ်မှာ မဟုတ်ဘဲ လူထုကနေ လွတ်လွတ်လပ်လပ် ဆုံးဖြတ်ပေးနိုင်တဲ့ အခင်းအကျင်းမျိုး ဖြစ်အောင် စီမံဆောင်ရွက်သွားမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။
လာမယ့် ၂၀၂၃ ခုနှစ်မှာ တော်လှန်ရေးကို အဆုံးအဖြတ်ပေးမယ့် နှစ်အဖြစ် သတ်မှတ်ထားပြီး စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ နိုင်ငံတကာရေးရာ အပါအဝင် စစ်မျက်နှာ ခြောက်ခုဖွင့်ပြီး ဟန်ချက်ညီညီ ထိုးနှက်မယ့် စီမံချက်ကိုလည်း NUG အစိုးရက ပြင်ဆင်ချမှတ်ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်