ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ရဲ့ ကရင်နီပြည်သူ့ရင်ခွင် ဖွဲ့စည်းဖြစ်တဲ့ အခြေအနေ၊ အာဏာသိမ်း စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့တွေမှာ ဆက်လက် တာဝန် မထမ်းဆောင်လိုတဲ့ တပ်ဖွဲ့ဝင်တွေကို ဘယ်လို ပုံစံနဲ့ စိစစ် လက်ခံနေလဲ၊ CDM တပ်ဖွဲ့ဝင်တွေကိုရော ဘယ်လို ဆက်လက် ကူညီဆောင်ရွက်ပေးနေပါသလဲ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ကရင်နီပြည်သူ့ရင်ခွင် သတင်းပြန်ကြားရေးတာဝန်ခံ ကိုယုန်လေးနဲ့ ဆက်သွယ်မေးမြန်းချက်။

ကရင်နီပြည်သူ့ရင်ခွင်ကို ဘယ်တုန်းကစတင်တည်ထောင်ခဲ့တာလဲ။ ပြီးတော့ ဒီအဖွဲ့ ဖွဲ့ဖြစ်တဲ့ ရည်ရွယ်ချက် ပြောပြပေးပါဦး။

ကရင််နီအမျိုးသားများကာကွယ်ရေးတပ် တည်ထောင်ခြင်း ၈ လ ကျော်လောက်မှာ စတင်ဖွဲ့ဖြစ်လိုက်တာပါ၊  ရည်ရွယ်ချက်က ကျွန်တော်တို့က စနစ်တခုကို တော်လှန်နေတာ ဖြစ်တဲ့အတွက် ဒီစနစ်ကို တော်လှန်တဲ့နေရာမှာ လူ့အရင်းအမြစ်တွေ မဆုံးရှံးစေချင်ဘူး၊  တော်လှန်ရေးဆိုတာ ကိုယ့်လူမျိုးအချင်းချင်း သတ်နေကြတာဖြစ်တယ်၊ နည်းဗျူဟာအရ အကောင်းဆုံးဖြစ်အောင် အချို့ စစ်ကောင်စီတပ်သားတွေမှာ  ဒီတော်လှန်ရေးမှာ

လက်ရှိ အာဏာသိမ်းတာကို မကြိုက်တဲ့သူတွေလည်း ရှိတယ်။ အဲ့ဒါကြောင့် သူတို့အတွက် ရွေးချယ်ဖို့လမ်းတစ်ခုအနေနဲ့ ရည်ရွယ်ပြီး ဖွဲ့စည်းထားတာဖြစ်ပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်ကို ဆက်သွယ်ပြီး CDM လုပ်လာတဲ့လူတွေကို ဘယ်လို ပုံစံတွေနဲ့ စီစစ် လက်ခံပါသလဲ။

စစ်ကောင်စီလက်အောက်မှာ မလုပ်ချင်တဲ့သူတွေက ကျွန်တော်ဆို့ဆီ

လှမ်းချိတ်တယ်။ သွားကြိုပေးတယ်။ ပြည်သူ့ရင်ခွင် ခိုလှုံနိင်ဖို့ ကြိုးစားပေးတယ်ပေါ့။ CDM လုပ်လာတဲ့လူတွေကို သေချာစီစစ်တယ်။ အသက်အာမခံပေးနိုင်တဲ့ လွတ်မြောက်နယ်မြေရောက်အောင် ပို့ပေးတယ်။ လုပ်ထုံးလုပ်နည်းအတိုင်း  အဆင့်ဆင့် စီစစ်ပါတယ်၊ အချို့အချက်အလက်တွေက ပြောလို့ အဆင်မပြေလို့ ခင်ဗျာ့။ ချုံပြီးပြောရရင် လူ့ဂုဏ်သိက္ခာနဲ့အညီ စီစစ်ပြီး ထိန်းသိမ်းထားတာတို့  နေရာချပေးတာတို့ လုပ်ပေးပါတယ်။

ကရင်နီပြည်သူ့ရင်ခွင်က လက်ခံလိုက်တဲ့ CDM တွေကို ဘယ်လို ဆက်လက် ကူညီဆောင်ရွက်ပေးပါသလဲ။

CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်လိုကူညီဆောင်ရွက်လဲဆိုတော့  အချို့ဆိုရင် နိုင်ငံခြားသွားချင်တယ်။ ကျနော်တို့ နိုင်ငံခြားပို့နိုင်အောင် ကြိုးစားပေးတယ်။ သူတို့ရဲ့ အခြေခံရပ်တည်ချက်ပေါ်မှာ ကြည့်ပြီးတော့ ကျနော်တို့ လိုက်လျောပေးတာရှိတယ်။ တချို့ကလည်း ဒီမှာပဲ အေးဆေးနေချင်တာမျိုးကို ရှိတော့ ခွင့်ပြုထားတယ်ပေါ့။ တချိုကလည်း တော်လှန်ရေးမှာ ပြန်ပြီးပါ၀င်ချင်တာမျိုးတွေကိုလည်း ကျနော်တို့ ခွင့်ပြုထားတယ်။

ကရင်နီပြည်သူ့ရင်ခွင်ကို ဆက်သွယ်ပြီး CDM လုပ်လာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်ကရော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ပူးပေါင်းပြီး တိုက်ပွဲဝင်တာတွေ ရှိနေလား။

ဟုတ်ကဲ့၊ ရှိပါတယ်၊ တော်လှန်နေတဲ့သူ  အများစုရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ချက်တော့ ရှိတယ်ပေါ့နော်။ ကရင်နီပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့သူတွေကို စစ်ပြန်တိုက်ခိုင်းလား မေးခွန်းမေးရင်မဟုတ်ပါဘူး။ ကျနော်တို့က မိမိဆန္ဒအလျောက် တိုက်ချင်တဲ့သူကျနော်တို့က မတိုက်ခိုင်းရင်တောင်မှ သူတို့ဆန္ဒအရ အရမ်းတိုက်ချင်ကြတယ်ပေါ့။ လာပြီး တောင်းဆိုကြတယ်။ တချို့ဆို ဘာလို့ပေးမတိုက်ရလဲ၊ ကျနော်တို့ကို မယုံလို့လားဆိုပြီး မေးခွန်းတွေထုတ်တဲ့ဟာတွေ ရှိတယ်၊  ဆန္ဒပြင်းပြတယ်။

နောက်ဆုံးအနေနဲ့ ကရင်နီပြည်သူ့ရင်ခွင်အနေနဲ့ ထပ်မံဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။

ကရင်နီပြည်သူတွေကို ပွင့်ပွင့်လင်းလင်း ပြောချင်တာက ဒီတော်လှန်ရေးဟာ ကြမ်းတမ်းလိမ့်မယ်။ နောက်ဆုံးတော်လှန်ရေးလည်း ဖြစ်ချင်ဖြစ်လိမ့်မယ်။ ကျနော်တို့ လူထုတွေအတွက် နှစ်ပေါင်း(၇၀)လောက်တောင် ဒီအခြေအနေကိုဖြတ်ကျော်လာခဲ့ပြီးပြီ။ ရင်ဆိုင်ခဲ့ရပြီးပြီ။ ဒီတော်လှန်ရေးကို ဘာပဲပြောပြောပါ။ ကျနော်တို့ကတော့ လုံး၀နိုင်အောင် တိုက်မှရမယ်။ တစ်ချိန်တုန်းက လူကြီးတွေရဲ့ ပြဿနာကို ကျနော်တို့ လက်ထက်မှာ အဆုံးသတ်ချင်တယ်။ ရှေ့ဆက်မယူသွားချင်ဘူး။ ဒီအခြေအနေမှာပဲ အဆုံးသတ်သွားချင်တယ်။ ဒါကြောင့် လူထူတစ်ရပ်လုံးအနေနဲ့ စိတ်အားထက်သန်စွာပါ၀င်ပေးဖို ပြောချင်တယ်။ သွေးအေးမသွားဖို့ပြောချင်ပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.