ရန်ကုန်၊ အောက်တိုဘာ (၆)
ဈေးကွက်အတွင်း စားအုန်းဆီဈေးနှုန်းဟာ တစ်ပိဿာကို ကျပ်ကိုးထောင်ဝန်းကျင်အထိ ဈေးမြင့်နေရာကနေ အောက်တိုဘာ ပထမအပတ်မှာ လက်လီဈေးတစ်ပိသာကို ကျပ် ၇၀၀၀ ဝန်းကျင်အထိပြန်လည်ကျဆင်းလာပါတယ်။
အရင်က လက်ကားဈေး သတ်မှတ်နှုန်းကို တစ်ပိဿာလျှင် ၄၀၂၀ ကျပ် ဈေးသတ်မှတ်ပေးထားပေမယ့် လက်လီဈေးကွက်မှာတော့ လက်ကားဈေးထက် ဈေးနှစ်ဆအထိ မြင့်တက်နေခဲ့တာပါ။
စားအုန်းဆီဈေးတွေဟာ အောက်တိုဘာလ ၄ရက်နေ့ကစတင်ပြီး တစ်ပိဿာ ကျပ် ၈၅၀၀မှ ၇၀၀၀ အထိ ကျဆင်းလာခဲ့တာ ဖြစ်တယ်လို့ စားသုံးသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
“စားအုန်းဆီဈေးက ၁၀၀၀ကျော်လောက် ဈေးပြန်ကျတယ်။ ဈေးကတော့ အရမ်းကြီးကျတယ်လို့လည်း မဟုတ်ဘူး။ ကြက်သွန် ဈေးဆိုရင်လည်း ကျလာပြီ။ ဆီဆိုရင်လည်း တဖြည်းဖြည်းချင်း ကျနေပြီပေါ့။ ဘာပဲပြောပြော ကုန်ဈေးနှုန်းကို ကျစေချင်တယ်။ ဒါမှလည်း အဆင်ပြေမှာ”လို့ တောင်ဥက္ကလာပ မြို့နယ်က အိမ်ရှင်မတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီရဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ် ကော်မတီက အခြေခံလက်ကား ရည်ညွှန်းဈေးကို တစ်ပတ် တစ်ကြိမ်ထုတ်ပြန်ပေးနေပါတယ်။
ယခုတစ်ပတ် ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်း ဈေးနှုန်းမှာတော့ စားအုန်းဆီ တစ်ပိဿာကို ၄၀၂၀ ကျပ် ဖြစ်ပြီး ပြီးခဲ့အပတ်ကထက် ကျပ် ၆၀၀ ကျော်ကျ ဆင်းခဲ့တာပါ။
အခုလို စားအုန်းဆီရည်ညွှန်းဈေးနှုန်းတွေ ကျဆင်းလာပေမယ့် မြန်မာနိုင်ငံကုန်သည် စက်မှုအသင်းချုပ်ရဲ့ အစီအစဉ်နဲ့ မြန်မာနိုင်ငံဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းက ရပ်ကွက်တွေမှာ ကားနဲ့လာရောက်ရောင်းချပြီး တန်းစီစနစ်နဲ့ ဝယ်ယူရတဲ့ စားအုန်းဆီတွေကိုတော့ တစ်ပိသာကို ကျပ် ၅၅၀၀နှုန်းနဲ့ ရောင်းချနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။
ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန်ရည်ရွယ်ချက်နဲ့ သိုလှောင်ခြင်းနှင့် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်ပါက အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ကြေညာထားပေမယ့် ပြည်တွင်းထုတ် ပဲဆီ၊ နှမ်းဆီဈေးနှုန်းမှာတော့ ကုန်ကြမ်းရှားပါး ခြင်းကြောင့် ဆက်လက်ဈေးမြင့်တက်နေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စားအုန်းဆီသုံးစွဲမှုဟာ တစ်နှစ်ကို တန်ချိန် ၁၀ သိန်းကျော်အထိရှိနေပြီး နှစ်စဉ်တန်ချိန် ၆ သိန်းမှ ၇ သိန်းကြားကို မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံကနေ အဓိထား တင်သွင်းနေရတာပါ။
စားသုံးသူတွေအနေနဲ့ကတော့ အခြေခံစားသောက်ကုန်တွေ အစစ ဈေးနှုန်းမြင့်နေချိန်မှာ စားအုန်းဆီဈေးထပ်မံကျဆင်းလာဖို့ မျှော်လင့်နေပြီး ရည်ညွှန်းဈေးကို ယခင်ဈေးဖြစ်တဲ့ တစ်ပိဿာ ကျပ်၃၀၀၀ကျော်အတိုင်းသာ သတ်မှတ်ထားပေးစေလိုတယ်လို့လည်း ပြောကြားနေကြပါတယ်။
သတင်း – သံလွင်တိုင်းမ်