မိုးဗြဲ – အောက်တိုဘာ(၂)

မိုးဗြဲမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းတွေရှိနေတဲ့အတွက် ပြည်သူတွေ အသွားအလာနဲ့ နေရပ်ပြန်တာတွေ မလုပ်ကြဖို့ မိုးဗြဲ PDF(MBPDF) အဖွဲ့က သတိပေး ထုတ်ပြန်ထား ပါ တယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက်ဆယ်နှစ်အောက် ကလေးငယ်(၃) ဦးအပါ အဝင်(၆) ဦးသေဆုံးခဲ့ပြီး အရပ်သား (၁၃) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၈) ရက်နေ့ကစပြီး စစ်ကောင်စီရဲ့ထိုးစစ်ကို မိုးဗြဲ PDF တပ်ရင်း(၁)၊ တပ်ရင်း(၂)၊ဖယ်ခုံတပ်ရင်း(၁)၊တပ်ရင်း(၂)၊လွိုင်ကော် PDF၊ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေး အဖွဲ့၊ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်(DMO)၊ နေပြည်တော် PDF၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၊ကရင်နီတပ်မတော်(KA)၊KGZ နဲ့ URF အဖွဲ့တို့က ပူးပေါင်းပြီး ခုခံ တိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က (၈၀) ထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိ ကာ ကရင်နီမဟာမိတ်တပ်ပေါင်းစုက ဒဏ်ရာရရှိသူ (၅၄) ဦး၊ စိုးရိမ်ဒဏ်ရာရရှိသူ (၁၀) ဦးရှိခဲ့ပြီး မိုးဗြဲ PDF တပ်ရင်း(၁) က ရဲဘော်ငါးဦး၊တပ်ရင်း(၂) က ရဲဘော်တစ်ဦး၊ ဖယ်ခုံတပ်ရင်း(၂) က ရဲဘော်တစ်ဦး နဲ့ URF မှ ရဲဘော်နှစ်ဦးကျဆုံးထားကာ KNDF တပ်ရင်း(၃) က ရဲဘော်တစ်ဦးလည်း ပျောက်ဆုံးနေတယ်လို့ MBPDF က ဖော်ပြထားပါတယ်။

မိုးဗြဲမြို့မှာ စစ်ကောင်စီနဲ့ တိုက်ပွဲတွေ ရေရှည်ဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက် ကျည်နဲ့ ခဲယမ်း တွေ ဆက်လက်ထောက်ပံ့ပေးဖို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က တောင်းဆိုထားပါတယ်။

ကရင်နီပြည်နယ်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပြီး စစ်ကောင်စီရဲ့ လက်နက်ကြီး ပစ်ခတ်တိုက် ခိုက်မှုနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပြည်သူ (၂) သိန်းကျော်စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.