မနီလာ၊ အောက်တိုဘာ (၂)
ဖိလစ်ပိုင် မြို့တော်မနီလာရှိ ဂိမ်းကုမ္ပဏီတစ်ခုမှာ လူကုန်ကူးခံရသူတွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်လာပြီးတဲ့နောက် မှာ အွန်လိုင်းလိမ်လည်သူတွေအဖြစ် အတင်းအကြပ်ခိုင်းစေခံရတဲ့ မြန်မာနှင့် တရုတ်နိုင်ငံသား ၂၉ ဦးကို ဖိလစ်ပိုင်ရဲတပ်ဖွဲ့က ကယ်တင်ခဲ့ ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၃၀ ရက် က ပြောပါတယ်။
POGO လို့ခေါ်တဲ့ ကမ်းလွန်ဂိမ်းအော်ပရေတာတွေမှာ ပြန်ပေးဆွဲမှု၊ ပြည့်တန်ဆာနဲ့ လူသတ်မှုသတင်းတွေ ပေါ်ထွက်လာပြီးတဲ့ နောက်မှာ နှိမ်နင်းမှုတွေ ဆောင်ရွက်ခဲ့တာပါ။
အဲဒီ POGO တွေက တရားမဝင်လောင်းကစား ဂိမ်းတွေဖြစ်ပြီး တရုတ်အလုပ်သမားတွေကို အဓိကအားဖြင့် အလုပ်ခန့်ကြပြီး ဝင်ရောက်ကစားသူတွေကို ပစ်မှတ်ထားကြကာ အချို့သော ကိစ္စတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ သက်ဆိုင်တဲ့ လိမ်လည်မှုတွေ လည်း ရှိနေပါတယ်။
စက်တင်ဘာ (၂၉) ရက်နေ့မှာ ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းမှုပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံသား ၂၃ ဦးနဲ့ တရုတ်နိုင်ငံသား ၆ ဦးတို့ကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ဗိုလ်မှူးချုပ် အီလီဆီအို ခရုစ်ဇ် က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ဒူဘိုင်းမှာ စားသုံးသူဝန်ဆောင်မှု ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ဖို့ ခေါ်ယူခံရပြီးနောက် မြန်မာနိုင်ငံသား နှစ်ဦးမှာ ဖိလစ်ပိုင်သို့ မတ်လအတွင်းက ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထံ ပြောခဲ့တာပါ။
သူတို့ရဲ့ ပတ်စပို့တွေကို သိမ်းဆည်းထားခဲ့ပြီး ဂိမ်းကစားဖို့ စိတ်ဝင်စားသူတွေနဲ့ ရင်းနှီးမြှုပ်နံှမှုတွေ ပြုလုပ်ဖို့ အွန်လိုင်းမှာ လိမ်ညာ စကားတွေ ပြောဖို့ တိုက်တွန်းခံခဲ့ရတယ်လို့ ဗိုလ်ချုပ်ခရုဇ်က ရှင်းပြခဲ့ပါတယ်။
သတင်းပေးတွေရဲ့ ပြောကြားချက်အရ သူတို့ဟာ လုပ်ခလစာတစ်လပဲရရှိထားပြီး အိမ်ပြန်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း တခြားကုမ္ပဏီကို ပြောင်းရွှေ့စေခဲ့ပါတယ်။ ဒီလိုပြောင်းရွှေ့ဖို့အတွက်လည်း လျော်ကြေးအဖြစ် တစ်ဦးကို ပီဆို ၅၅၀၀၀၀ ခန့်ပေးခဲ့ရတယ်လို့ သိရပါတယ်။
“အလုပ်မလုပ်ချင်ရင် လစာမပေးဘဲ အခန်းထဲမှာ သော့ခတ်ထားတယ်၊ အစာနဲ့ရေမရှိဘူး။ ပြီးရင် ရိုက်နှက်ကြတယ်”လို့ ဗိုလ်ချုပ်ခရုဇ်က ပြောပါတယ်။
POGO လုပ်သားအများစုမှာ တရုတ်လူမျိုးတွေဖြစ်ကြပြီး အခြားသောလူမျိုးတွေကတော့ အဲဒီလုပ်ငန်းခွဲရဲ့ တခြားသော တာဝန် တွေ ထမ်းဆောင်နေကြရတယ်လို့လည်း ဆိုပါတယ်။
ဖိလစ်ပိုင်မှာ ၂၀၁၉ ခုနှစ်ကစပြီး လူကုန်ကူးခံရသူ ၉၇ ဦးကို ကယ်ဆယ်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပြီး အဲဒီအထဲမှာ တရုတ်လူမျိုး ၆၂ ဦး ပါဝင်တယ်လို့ သိရပါတယ်။
သမ္မတဟောင်း ရိုဒရီဂို ဒူတာတေး ကတော့ တရုတ်နိုင်ငံနှင့် ပိုမိုရင်းနှီးတဲ့ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆက်ဆံမှုတွေကို ပိုမိုဆောင်ရွက်လေ့ရှိတာကြောင့် POGO လုပ်ငန်းစုတွေဟာ ၂၀၁၆ ခုနှစ်ကနေ စတင်ထွန်းကားလာခဲ့တာဖြစ်ပါတယ်။ အဲဒီက နေမှတဆင့် တရုတ်အလုပ်သမား သောင်းနှင့်ချီ ဝင်ရောက်လာမှုကြောင့် သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့ရတာပါ။
လာမယ့်လမှာတော့ ဖိလစ်ပိုင်အစိုးရဟာ အဲဒီလုပ်ငန်းတွေက အလုပ်ခန့်ထားတဲ့ တရုတ်အလုပ်သမား ၄၀,၀၀၀ ခန့်ကို ပြည်နှင်ဒဏ်ပေးမှာ ဖြစ်တယ်လို့ ပြောကြားထားတာ ဖြစ်ပါတယ်။
Ref:Straitstimes