မော်လမြိုင် – အောက်တိုဘာ(၁)

မြန်မာနိုင်ငံက ပြည်သူလူထုရဲ့ အသက်အိုးအိမ်တွေကိုဖျက်ဆီးပြီး စစ်ရာဇဝတ်မှုတွေကိုကျူးလွန်နေ တဲ့အာဏာသိမ်းစစ်ကောင်စီကို ချက်ချင်းအရေးယူပေးဖို့ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။

စက်တင်ဘာလ(၃၀) ရက်နေ့က ကျင်းပခဲ့တဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီအစည်းအဝေးမှာ လူမှုဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီး မိန့်ခွန်းပြောကြားချိန်မှာ အခုလိုပြောဆိုခဲ့တာပါ။

နိုင်ငံတကာအနေနဲ့ အကူအညီမဲ့နေတဲ့ မြန်မာပြည်သူတွေရဲ့ အကူအညီတောင်းခံနေမှုကို ဥပက္ခာ မပြုသင့်တော့သလို ပြည်သူတွေရဲ့ အသက်အိုးအိမ်ကိုအကာအကွယ်ပေးနိုင်မယ့် လုပ်ဆောင်ချက် တွေကို ဆုံးဖြတ်ချက်ချမှတ်ပြီး ချက်ချင်းအရေးယူဆောင်ရွက်ပေးဖို့ ပြည်သူတွေကိုယ်စား တောင်းဆိုတယ်လို့ ကုလသံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောခဲ့ပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ (၁၉) လအတွင်း တရားမဝင်သတ်ဖြတ်တာ၊ ညှဉ်းပမ်းနှိပ်စက်တာ၊ အစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ကျေးရွာတွေကို ဖျက်ဆီးတာနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု တွေကျူးလွန်ခဲ့တာတွေဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက် နေပြီဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ပြည်သူ (၂၃၀၀) ကျော်သတ်ဖြတ်ခံထားကာကလေးသူငယ်(၃၈၀)ကျော် ပါဝင်နေပြီး ကလေးငယ်(၁၄၀၀) ကျော်ဟာ ဖမ်းဆီးထိမ်းသိမ်းခံထားရသလို ပြည်သူတွေရဲ့ နေအိမ် (၂၈၀၀၀) ကျော်ဖျက်ဆီးခံရတာ၊ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရတာ တွေရှိနေတယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် နေရပ်စွန့်ခွာထွက်ပြေးနေ ရသူ(၁.၃) သန်းကျော်နဲ့ ပြည်သူ(၁၄) သန်းကျော်ဟာ လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီလိုအပ်နေတယ်လို့မိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.