မော်လမြိုင် – စက်တင်ဘာ(၂၉)
မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးနွေဦးတော်လှန်ရေးအတွက် ပြည်သူလူထုရဲ့ စေတနာ၊ မေတ္တာနဲ့ ပံ့ပိုးထားတဲ့ ငွေတွေနဲ့သာ တော်လှန်ရေးကို အဓိက မောင်းနှင်နေတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတဒူဝါလရှီးလ ကပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၂၈) ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (၇) ကြိမ်မြောက် ဘဏ္ဍာရေးကော်မရှင်အစည်းအဝေးမှာ အခုလိုပြောဆိုခဲ့တာပါ။
“လက်ရှိအချိန်ထိ ပြည်ပတိုင်းပြည်တွေက ထောက်ပံ့ငွေ လုံးဝမရသေးဘဲ ပြည်သူတွေရဲ့ စေတနာ၊ မေတ္တာနဲ့ ပံ့ပိုးငွေတွေနဲ့သာ တော်လှန်ရေးကို အဓိက မောင်းနှင်နေတာ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကြီးမားတဲ့ ဘဏ္ဍာငွေအသုံးစရိတ်တွေကို ပြည်သူလူထုရဲ့ ချွေးနည်းစာစေတနာနဲ့ မတည်လည်ပတ်နေတာဖြစ်တဲ့အတွက် စနစ်ကျဖို့၊ဦးစားပေးကဏ္ဍ တွေမှာသုံးစွဲဖို့၊အလေအလွင့်မရှိဖို့၊ ကိုယ်ကျိုးအတွက်အသုံးမပြုမိဖို့ အလွန်အရေးကြီး တယ် လို့သူကပြောပါသေးတယ်။
လက်ရှိ NUG အစိုးရဟာ တိုက်ပွဲဝင်အစိုးရဖြစ်တဲ့အတွက် PDF ရဲဘော်တွေကို စုစည်းလေ့ကျင့် ပေးတာ၊လက်နက်တပ်ဆင်ပေးတာ၊စားနပ်ရိက္ခာဆေးဝါးတွေ ပံ့ပိုးပေးတာ၊စစ်ဆင်ရေးစရိတ် ပံ့ပိုးပေးတာနဲ့ တိုင်းရင်းသားလက်နက်ကိုင်မဟာမိတ်တချို့ကို မျှဝေပေးတဲ့ ကဏ္ဍတွေမှာ လစ်ဟင်းမှုမရှိစေဖို့ အချိန်နဲ့ တပြေးညီဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
နိုင်ငံတော်ဘဏ္ဍာဟာ အစိုးရယန္တရားတစ်ခုံးလည်ပတ်ဖို့ အရေးကြီးတဲ့ မဏ္ဌိုင်ဖြစ်တယ်လို့ ယာယီသမ္မတက ပြောဆိုခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ကိုစားနပ်ရိက္ခာထောက်ပံ့တာ၊စစ်လက်နက်တပ်ဆင်ပေးတာတွေလုပ်ဆောင်နေပြီး လွတ်မြောက် နယ်မြေတွေဖော်ဆောင်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်